

ဇူလိုင်လ ၃၀ ရက်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှာ လူသေဆုံးမှု ဖြစ်ရင် သေဒဏ် ချမှတ် နိုင်တဲ့ ပြဋ္ဌာန်းချက်ပါဝင်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီး ခြင်းမှ ကာကွယ်ပေးရေး ဥပဒေ ကို မနေ့ ဇူလိုင် ၂၉ ရက်စွဲနဲ့ အာဏာသိမ်းစစ်ကောင်စီက ပြဋ္ဌာန်းလိုက်ပါတယ်။
အခု ပြဋ္ဌာန်းတဲ့ ဥပဒေကတော့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေ ဆောင်ရွက်တာကို တားဆီးနှောင့်ယှက်ခြင်းက ကာကွယ်ဖို့ ရွေးကောက်ပွဲ စည်းရုံးရေး ကာလအတွင်း မဲဆွယ်စည်းရုံးမှုတွေကို နှောင့်ယှက်ဟန့်တားခြင်းက ကာကွယ်ဖို့ လွတ်လပ်စွာ ဆန္ဒ မဲပေးရေးကို နှောင့်ယှက်တားဆီးခြင်းက ကာကွယ်ဖို့ နဲ့ မဲရုံ နဲ့ မဲရုံတာဝန်ကျသူတွေ လုံခြုံမှု အပြည့် အဝ နဲ့ တာဝန်ထမ်းဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ဥပဒေပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။
အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ် ဒါမှမဟုတ် လုပ်ငန်းစဉ် တစ်စိတ်တစ်ဒေသကို ပျက်ပြားစေဖို့ ဟောပြောတာ ပြောဆိုတာ စည်းရုံးတာ လှုံ့ဆော်တာ ဆန္ဒပြုတာ ဒါမှမဟုတ် စာရေးသား ဖြန့်ချိတာ တွေ မလုပ်ဖို့ တား မြစ်ထားပြီး ဖောက်ဖျက်ရင်တော့ ထောင်ဒဏ် သုံးနှစ်ကနေ အများဆုံး ခုနစ်နှစ်ထိ ချမှတ်ရမယ့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သလို လူစုလူဝေးနဲ့ ဖောက်ဖျက်ကျူးလွန်ရင်တော့ ထောင်ဒဏ် ငါးနှစ်ကနေ ဆယ်နှစ်ထိ ချမှတ်ရမယ့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဥပဒေပြဋ္ဌာန်းချက်မှာ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ရုံး ဒါမှမဟုတ် ကော်မရှင်အဖွဲ့ခွဲရုံး၊ မဲရုံ ဒါမှမဟုတ် မဲရုံအဖြစ် အသုံးပြုတဲ့ အဆောက်အဦ၊ မဲလက်မှတ်၊ မဲပုဲး၊ မဲပေးစက်၊ စက်ပစ္စည်း ကိရိယာ နဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထိန်းသိမ်းထားတဲ့ အဆောက်အဦ ကို ဘယ်လိုနည်းနဲ့မဆို ဖျက်ဆီးတာ ပျက်စီးအောင်လုပ်တာ ဒါမှမဟုတ် ထိခိုက်ဆုံးရှုံးစေတဲ့ တားမြစ်ချက်ကို ဖောက် ဖျက်ကျူးလွန်တယ်ဆို ထောင်ဒဏ် ငါးနှစ်ကနေ ဆယ်နှစ်ထိ ချမှတ်ရမယ့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဥပဒေပြဋ္ဌာန်းချက်မှာ ဖော်ပြပါရှိပါတယ်။
မဲဆန္ဒရှင်တွေကို ဆန္ဒမဲမပေးနိုင်ဖို့ ခြိမ်းခြောက်၊ ဟန့်တား၊ မလျော်ဩဇာသုံးတာ ၊ မိမိအလိုအလျောက် နာကျင်စေ တာ ၊ အပြင်းအထန် နာကျင်စေမယ်ဆိုရင် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်ကနေ အများဆုံး ထောင်ဒဏ် နှစ် နှစ်ဆယ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဥပဒေပြဋ္ဌာန်းချက်မှာ ပါရှိပါတယ်။
ရွေးကောက်ပွဲကာလမှာ ရွေးကောက်ပွဲကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တွေကို တာဝန်မထမ်းနိုင်စေဖို့ ခြိမ်းခြောက်၊ ဟန့်တား၊ နှောင့်ယှက်တာ ၊ မိမိအလိုအလျောက် နာကျင်စေတာ နဲ့ အပြင်းအထန် နာကျင်စေမယ်ဆိုရင်လည်း အနည်းဆုံး ထောင်ဒဏ် သုံးနှစ်ကနေ အများဆုံး ထောင်ဒဏ် နှစ် နှစ်ဆယ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဥပဒေပြဋ္ဌာန်းချက်အရ သိရပါတယ်။
အခုပြဋ္ဌာန်းတဲ့ ဥပဒေမှာ ပါတဲ့ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှာ လူသေဆုံးမှု ဖြစ်ပါက ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူတွေကို သေဒဏ်ချမှတ်ရမယ်လို့လည်း ဥပဒေပြဋ္ဌာန်းချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ လိုအပ်ရင် ရွေးကောက်ပွဲမှာ တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ လူ ပုဂ္ဂိုလ်လုံခြုံရေးကို စီစဉ်ဆောင်ရွက်ပေးရမယ်လို့လည်း ဥပဒေပြဋ္ဌာန်းချက်မှာ ဖော်ပြပါရှိပါတယ်။
ပြဋ္ဌာန်းတဲ့ ဥပဒေထဲမှာ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ပြည်ထဲ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဥက္ကဋ္ဌတွေအဖြစ် ကာကွယ်ရေး ဝန်ကြီးဌာန နဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး နှစ်ယောက်၊ အဖွဲ့ဝင်တွေအဖြစ် ဒုတိယဝန်ကြီး ၆ ယောက်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ညွှန်ကြား ရေးမှူးချုပ်၊ မီးသတ်ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်တို့ ပါဝင်ပြီး အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ် နဲ့ တွဲဖက်အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲဦးစီးအရာရှိချုပ် တို့နဲ့ ဖွဲ့စည်းရမယ်လို့ ဥပဒေပြဋ္ဌာန်းချက်အရ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဒီနှစ် ၂၀၂၅ ဒီဇင်ဘာလ တတိယအပတ်ကနေ နောင်နှစ် ၂၀၂၆ ဇန်နဝါရီလ ဒုတိယအပတ်အထိ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ အပိုင်းလိုက်ကျင်းပပြုလုပ်မယ်လို့ကြေညာထားပါတယ်။