
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ရှင်းလက်ဝချောင်းမှာ ရေနစ်ပျောက်ဆုံးသွားခဲ့တဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရွှေလိုက်ဝကျေးရွာက အသက် ၁၈ နှစ်အရွယ် ဒေသခံ အမျိုးသားရဲ့ အလောင်းကို ၄ ရက်အကြာ ဒီကနေ့ ဇူလိုင်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာ ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကလေးတွေကို စေတနာ့ဝန်ထမ်းအဖြစ် စာသင်ကြားပေးနေတဲ့ ရွှေလိုက်ဝေကျေးရွာနေ အသက် ၁၈ နှစ်အရွယ် ကျောင်းဆရာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ညနေ ၇ ခွဲနာရီခွဲဝန်းကျင်လောက်မှာ ရာရီတောင်ကျေးရွာကနေ ရွှေလိုက်ဝကျေးရွာအပြန် ရှင်းလက်ဝချောင်း ဖြတ်ကူးစဉ် ရေနစ်ပျောက်ဆုံးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ပလက်ဝဒေသခံတစ်ဦးက “ရွှေလိုက်ဝကျေးရွာက ရေနစ်ပျောက်ဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ အလောင်းကို ပြန်တွေ့ပြီလို့တော့ ပြောကြတယ် အတည်ပြုလို့တော့ရပါတယ် ” လို့ပြောပါတယ်။
ရေနစ်ပျောက်ဆုံးတဲ့ ကျောင်းဆရာကို ရွာသားတွေက နေ့ညမနား ရှာဖွေခဲ့ကြပြီး ၄ ရက်မြောက်အကြာ ဒီကနေ့မနက်ပိုင်းမှာ ပြန်တွေ့တာလို့လည်း သိရပါတယ်။
ပလက်ဝမြို့နယ် ဒေသ ၂ ဒိုင်ရ်ဒေသက အသက် ၄၀ ကျော်အရွယ် ဦးနိုင်လုံးဟာလည်း ဇူလိုင်လ ၂၆ ရက်နေ့က ပီချောင်းဆုံကို ကုန်ပစ္စည်းသယ်ဖို့ သွားရောက်စဉ် ပျောက်ဆုံးနေခဲ့ပြီး ဒီကနေ့ချိန်ထိ ပြန်လည်တွေ့ရှိတာမျိုးမရှိသေးဘူးလို့လည်းသိရပါတယ်။