Headlines

ရိခေါ်ဒါရ်မြို့ကဒေသခံအားလုံးနီးပါး နေရပ်ပြန်လာကြပြီလို့ သိရ

ဇူလိုင်လ ၁၅ ရက်။

ဒေသတွင်း ချင်းလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား ထိတွေ့တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ အိန္ဒိယ – မြန်မာ နယ်စပ်ရှိ ဖလမ်းမြို့နယ်၊ရိခေါ်ဒါရ်မြို့ကဒေသခံတွေ အားလုံးနီးပါးဟာ နေရပ်ပြန်လာကြပြီလို့ CDF – Hualngoram က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

CDF – Hualngoram တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ စစ်ရေးဖိအားပေးမှုတွေနဲ့အတူ ဇူလိုင်လ ၁၀ ရက်နေ့ည CNO/CNDF တွေ ဆုတ်ပြေးပြီး နောက်နေ့ ဇူလိုင်လ ၁၁ ရက်နေ့ကစလို့ စစ်ဘေးရှောင်တွေပြန်လာကြပါတယ် လက်ရှိမှာ ကျနော်တို့ ဒေသအတွင်း ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပုံမှန်ပြည်လည်ပတ်နေပြီး စစ်ပွဲကြောင့် ပြည်သူတွေကြား ထိခိုက်နစ်နာမှုတွေကို ကုစားပြီး ပြန်လည်ထူထောင်ရေးတွေကို ဆက်လက်ဆောင်ရွက်နေတယ် အေးချမ်းစွာနဲ့ ကျနော်တို့ Hualngoram ပြည်သူတွေ နေထိုင်ဖို့ ဆက်လက်ကြိုးစားဆောင်ရွက်နေတယ်” လို့ပြောပါတယ်။

အိန္ဒိယ – မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကစလို့ ချင်းအမျိုးသားအဖွဲ့ချုပ် ( CNO/ CNDF ) နဲ့ CDF – Hualngoram တပ်ဖွဲ့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့လို့ ဒေသခံပြည်သူ ၃၀၀၀ ကျော်ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

CNO/ CNDF က HPO/ CDF – Hualngoram ထိန်းချုပ်ထားတဲ့ ရိခေါ်ဒါရ်မြို့ကို ဇူလိုင်လ ၅ ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် ဇူလိုင်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာ ရိခေါ်ဒါရ်မြို့ကနေ ပြန်လည်ဆုတ်ခွာသွားခဲ့ကြပြီးတဲ့နောက်ပိုင်း လက်ရှိအချိန်ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေလည်း ငြိမ်သက်သွားခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *