
ဇူလိုင်လ ၂၄ ရက်။
မြန်မာစစ်ဘေးရှောင်တွေအနေဖြင့် မူးယစ်ဆေးဝါးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ရင် ဥပဒေအတိုင်း ဖမ်းဆီးထောင်ကျခံရပြီး ပြန်လွတ်လာရင်လည်း နေရပ်ကို ပြည်နှင်ဒဏ်ပေးခံရမယ်လို့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင် ခရိုင် Champhai Sub – Headquarter YMA က ဇူလိုင်လ ၂၃ ရက်နေ့က မြန်မာစစ်ဘေးရှောင်တွေ လိုက်နာရမယ့် စည်းမျဉ်းသစ်တွေ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
လိုက်နာရမယ့် စည်းမျဉ်းသစ်တွေမှာ မြန်မာစစ်ဘေးရှောင်တွေအနေနဲ့ အသင်းတော်တည်ထောင်ခွင့် မရှိတာ၊ လူမျိုးနွယ်စု အခြေခံတဲ့ အသင်းအဖွဲ့ ဖွဲ့စည်းလို့မရတာ၊ မိမိနေထိုင်ရာ ကျေးရွာ၊ ရပ်ကွက်က YMA ထံ အမည်စာရင်းသွင်းပြီး မြန်မာမှတ်ပုံတင်ကဒ်ပြားတွေကိုလည်း အပ်နှံရမှာဖြစ်ပြီး ပြောင်းရွှေ့တာတွေလုပ်ရင်လည်း YMA ကတာဝန်ရှိသူတွေထံက ထောက်ခံစာဖြင့်သာ ပြောင်းရွှေ့ဖို့ နှင့် စစ်ရှောင်တွေအနေနဲ့ အစိုးရထံ ခွင့်ပြုချက်တောင်းခံဖို့လိုအပ်တဲ့ ဘယ်စီးပွားရေးလုပ်ငန်တွေမဆို လုပ်ခွင့်မရှိကြောင်း အိမ်၊ ခြံ၊ မြေ ပိုင်ဆိုင်ခွင့်မရှိကြောင်း အပြင် နာရေးရှိတဲ့အခါမျိုးမှာလည်း ရပ်ကွက်အတွင်း သဂြိုလ်ရမယ်ဆိုလျှင်လည်း ဧည့်သည်အဖြစ်သာ သဂြိုလ်ရမှာဖြစ်ပြီး နာရေးရံပုံငွေကို တော့ ကောက်ခံပေးမှာဖြစ်တယ်လို့ စည်းမျဉ်းသစ်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
Champhai Sub – Headquarter YMA , Champhai Co – ordination Committee (SCC) ရဲ့ ၂၂ ကြိမ်မြောက်အစည်းအဝေးကို ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ကျန်ဖိုင်ခရိုင်ထဲက YMA ဌာနခွဲတွေအားလုံးအနေဖြင့် စစ်ဘေးရှောင်တွေ အရေးမှာ တူညီတဲ့လုပ်ဆောင်ချက်တွေ လုပ်နိုင်ဖို့ စည်းကမ်းသစ်ချမှတ်သင့်ကြောင်း ဆွေးနွေးခဲ့ကြပြီး အခုလို စစ်ဘေးရှောင်တွေ လိုက်နာရမယ့်စည်းကမ်းသစ်တွေကို ထုတ်ပြန်ခဲ့ကြတာဖြစ်တယ်လို့လည်း ဒေသတွင်း သတင်းတွေ ဖော်ပြချက်အရသိရပါတယ်။
၂၀၂၁ ခုနှစ် မြန်မာစစ်တပ်အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေကြောင့် ချင်းစစ်ဘေးရှောင် လူဦးရေ ၄၅၀၀၀ ဝန်းကျင်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်နေထိုင်နေကြရတယ်လို့လည်း ချင်းရေးရာအဖွဲ့ချုပ် ( ICA) ရဲ့ ဇူလိုင်လ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။