Headlines

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်မှာ စိတ်ကြွ ရူးသွပ် ဆေးပြား ၁၀,၁၀၀ ကျော် နဲ့အတူ လူနှစ်ဦး ဖမ်းဆီးခံရ

ဇူလိုင်လ ၂၁ ရက်။

အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် ချမ်ဖိုင်း (Champhai) ခရိုင်မှာ မက်သမ်ဖက်တမင်း စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၁၀,၁၀၀ ကျော် နဲ့အတူ လူနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြည်နယ် အခွန်နှင့် မူးယစ်ဆေးဝါးဌာန (Excise and Narcotics Department) မှ တာဝန်ရှိသူတစ်ဦးကအတည်ပြု ပြောကြားခဲ့တယ်လို့ ဇူလိုင်လ (၂၁) ရက်နေ့မှာ India Today မီဒီယာကဖော်ပြပါတယ်။

အလေးချိန် ၁၀.၁ ကီလိုဂရမ်ခန့်ရှိသော အဆိုပါဆေးပြားများကို စနေနေ့ဇူလိုင် ၁၉ ရက် က စစ်ဆင်ရေးတစ်ခုအတွင်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ဌာန၏ ပြောရေးဆိုခွင့်ရှိသူ Peter Zohmingthanga က ဆိုပါတယ်။

သူက “စနေနေ့မှာ မဏိပူရ်ပြည်နယ်၊ Churachandpur မြို့ကနေ အသက် ၃၄ နှစ်အရွယ် Lunminlalzo အမည်ရှိ အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး သူ့ထံကနေ ရရှိတဲ့ သတင်းအချက်အလက်များအပေါ် အခြေခံပြီး Champhai မြို့၊ Vengthar ရပ်ကွက်နေ အသက် ၁၉ နှစ်အရွယ် Christy Hmingthanzami အမည်ရှိ အမျိုးသမီးတစ်ဦးကို Maubawk ကျေးရွာမှာ တနင်္ဂနွေနေ့က ဖမ်းဆီးရမိခဲ့တာဖြစ်တယ်”လို့ပြောပါတယ်။

တရားမဝင်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုတဲ့ ကားတစ်စီးကိုလည်း သိမ်းဆည်းခဲ့ပြီး ဖမ်းဆီးရမိခဲ့တဲ့ မက်သမ်ဖက်တမင်းဆေးပြားများကို မီဇိုရမ်ပြည်နယ် ပြင်ပသို့ မှောင်ခိုပို့ဆောင်ရန် ကြိုးပမ်းစဉ်ဖမ်းဆီးရမိတာလို့ လို့သက်ဆိုင်ရာကပြောပါတယ်။

ဖမ်းဆီးခံရသူနှစ်ဦးကို ၁၉၈၅ ခုနှစ် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေ (Narcotic Drugs and Psychotropic Substances Act, 1985) အရ အမှုဖွင့်ထားတယ်လို့သိရပါတယ်။

မီဇိုရမ်ပြည်နယ်အတွင်း သက်ဆိုင်ရာဌာနများအနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးကို အရှိန်မြှင့်တင်ထားပြီး အိုက်ဇောလ် (Aizawl)မြို့ အပါအဝင် အခြားခရိုင်ရုံးစိုက်ရာမြို့များတွင် မူးယစ်ဆေးစွဲနေသူများကို ဖမ်းဆီးလျက်ရှိကြောင်း၊ ဆေးစွဲနေသူအချို့ကို ၎င်းတို့၏ မိဘများ၏ သဘောတူညီချက်ဖြင့် အကြံဉာဏ်ပေးကာ ပြန်လည်ထူထောင်ရေးစခန်းများသို့ ပို့ဆောင်ခဲ့ပြီး အခြားသူများကိုမူ တရားရုံးညွှန်ကြားချက်အရ ရပ်ရွာအလုပ်များတွင် ပါဝင်စေခဲ့ကြောင်း Zominthanga ကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *