

Chin World Media
January 03, 2016
တချိန်က မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးပွဲများတွင် အားကစားသတင်းကြေညာသူမှ “မိုင်နီလာထွေး၊ မိုင်နီလာထွေး” ဟူသော အမည်ကို ထပ်ခါတလဲလဲရွတ်ဆိုခဲ့ပြီး၊ ထိုအမည်ကို ကြားတိုင်း အမည်ရှေ့တွင် ပါရှိသော “မိုင်” ဟူသည့် နာမဝိသေသနကြောင့် ချင်းအမျိုးသမီးဖြစ်မည်ဟု ပွဲကြည့်ပရိတ်သတ်များ ခန့်မှန်းသုံးသပ်ခြင်းခံရသူ၊ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် (၁၃) နှစ်ကျော်ကြာ အဓိကတိုက်စစ်မှူးအဖြစ် ကျောနံပါတ် (၉) အား ဝတ်ဆင်ကာ ကစားခဲ့သူ မိုင်နီလာထွေးအား ၂၀၁၆ ခုနှစ်၊ဇန်န၀ါရီလ ၃ ရက်မှာ သူမနေထိုင်ရာ ကလေးမြို့ရှိနေအိမ်တွင် Chin World Media အဖွဲ့မှ သွားရောက်လည်ပတ်ကာ၊ သူမ၏ကစားသမားဘဝအတွေ့အကြုံများကို တွေ့ဆုံစကားစမြည်ပြောခွင့်ရရှိခဲ့ပါသည်။
CW။ မိသားစုနဲ့ ဖြစ်စေ၊ မိုင်နီလာထွေးရဲ့အကြောင်းကို အနည်းငယ်မိတ်ဆက်ပေးနိုင်မလား။
မိုင်နီလာထွေး။ ကျမ နာမည်ရင်းကတော့- Mai Iang Hlei Sung ဖြစ်ပါတယ်။ အဖေကတော့ Pu Ngun Kio ဖြစ်ပြီး၊ အမေကတော့ Pi Iang Kai တို့ ဖြစ်ပါတယ်။ ကျမတို့က ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ Rinpi ရွာက ဖြစ်ပါတယ်။ ပညာရေးအနေနဲ့ B.A ဘွဲ့ကို ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ကလေးမြို့မှာ နေပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှာ စီမံဦးစီးအရာရှိအနေနဲ့ တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။
CW။ ဘောလုံးသမားဘဝကို ရွေးချယ်ဖြစ်ပုံ၊ နိုင်ငံ့လက်ရွေးစင်အဆင့်အထိကို ရောက်ရှိခဲ့ပုံတွေကိုလည်း ပြောပြပေးပါဦး။
မိုင်နီလာထွေး။ ကလေးဝမှာတုန်းက ကျောင်းမှာအားကစားလုပ်ကြတော့- အားကစားမှူးက အားကစားထူးချွန်နိုင်တယ်ဆိုပြီးမှတ်ချက်ပေးတယ်။ ကျမက ဘောလုံးအားကစားကို အရင်ရွေးချယ်ခဲ့တာတော့ မဟုတ်ဘူး။ အရင်ကတော့ ဘောလီဘောနဲ့ ကြက်တောင်တို့ မာရသွန်တွေကိုပဲကစားခဲ့တယ်။ ဘောလုံးက ကိုယ်က အရပ်ပုတာလည်းပါတော့ မဖြစ်လောက်ဘူးထင်တာပေါ့။ အရပ်က ၅ပေ၃လက်မပဲဆိုတော့လေ။ ဘောလုံးကိုတော့ မရွေးခဲ့ဘူး။ ဘောလုံးကိုလည်း ကြောက်တယ်။ ဘုရားကျောင်းပွဲတွေလောက်ပဲကြည့်ခဲ့တာ။ ရှစ်တန်းနှစ်လောက်မှာ အားကစားမှူးက ကန်ပါဆိုပြီးအားပေးပြီး၊ စာရင်းထဲထည့်ပေးလိုက်တာ။ ဘောလုံးကွင်းမှာလည်း မကန်ရဲပဲ ကွင်းဘေးမှာထိုင်နေတုန်း သူငယ်ချင်းတွေ ထရိန်နင်ဆင်းနေတဲ့ဘောလုံးက ကျမအနားကိုရောက်လာတယ်။ ကန်ရဲမကန်ရဲနဲ့ လှမ်းကန်ပေးလိုက်တာ..။ ကန်လို့ကောင်းသားပဲဆိုပြီး၊ ဘောလုံးစကစားဖြစ်တယ်လို့ပြောရမယ်။
အဲဒီကနေ ကျောင်းပြိုင်ပွဲ၊ ရပ်ကွက်၊မြို့နယ်၊ ခရိုင်၊ပြည်နယ်နဲ့တိုင်းပြိုင်ပွဲအဆင့်ဆင့်ကနေ ၉၆ မှာ ပဏာမလက်ရွေးစင်အသင်းမှာ ရောက်သွားတယ်။ ဒါပေမယ့် ၁၀ တန်းအောင်ပြီးမှပဲ အားကစားလုပ်မယ်ဆိုပြီး ခနပြန်နားတယ်။ ၉၈ ကနေတော့ ပုံမှန်ပါဝင်ကစားတဲ့ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသူ ဖြစ်လာခဲ့ပါတယ်။
CW။ နိုင်ငံတကာပြိုင်ပွဲတွေအကြောင်းတွေကိုလည်း ပြောပြပေးပါဦး။
မိုင်နီလာထွေး။ ၉၈ မှာ ပါပေမယ့်- ၉၉ ဘရူနိုင်းဆီးဂိမ်းစ်က အမျိုးသမီးဘောလုံးအားကစားမထည့်ဘူးလေ။ အဲဒီတော့ တကယ့်ဆီးဂိမ်းစ်ပြိုင်ပွဲကတော့ ၂၀၀၁ မလေးရှားပြိုင်ပွဲမှာ စကစားတယ်လို့ပြောရမယ်။ အဲဒီမှာတော့ တတိယကြေးတံဆိပ်ဆုရရှိခဲ့ကြပါတယ်။ တတိယနေရာလုပွဲ အင်ဒိုနီးရှားနဲ့ကန်တော့ ဗွေဆော်ဦးဂိုးကို သွင်းနိုင်ခဲ့ပါတယ်။
CW။ နိုင်ငံတကာပြိုင်ပွဲတွေမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအကြောင်းကိုလည်း ပြောပြပေးပါဦး။
မိုင်နီလာထွေး။ နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ နိုင်ငံအတွက် ဂိုးပေါင်း (၂၅) ဂိုးသွင်းနိုင်ခဲ့တယ်။ ဆုတံဆိပ်အနေနဲ့တော့ ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ် (၃) ခုနဲ့ ကြေးတံဆိပ် (၄) ခု ရရှိနိုင်ခဲ့ပါတယ်။ ရွှေတံဆိပ်ကတော့ ၂၀၀၇ တုန်းကလုပ်တဲ့ AFF ASEAN Football Federation ကလုပ်တဲ့ပွဲမှာဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ ထိုင်းအသင်းကို အနိုင်ရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ၂၀၀၄ မှာလည်း မြန်မာအမျိုးသမီးအသင်းက ပထမဆုရရှိခဲ့တယ်။ အဲဒီတုန်းကတော့ ဒူးဒဏ်ရာခွဲစိတ်ထားတဲ့အချိန်မို့လို့ အသင်းမှာ မပါဝင်နိုင်ခဲ့ပါဘူး။
CW။ အမှတ်ရစရာ ဘောလုံးပွဲတွေအကြောင်းကိုလည်း ပြောပြပေးပါဦး။
မိုင်နီလာထွေး။ ဗီယက်နမ်မှာကန်ခဲ့တဲ့ပွဲပေါ့။ အိမ်ရှင်အသင်းနဲ့ကန်တော့ တဂိုးရှုံးနေချိန်မှာ ကျမခေါင်းတိုက်ပြီးတော့ ချေပဂိုးသွင်းခဲ့တယ်။ အဲဒါကိုတော့ စိတ်ထဲမှာ အကျန်ဆုံးပါ။ နောက်ပြီး- ၂၀၀၉ မှာတုန်းက ကမ္ဘာ့ဖလားအမျိုးသမီးခြေစစ်ပွဲအတွက် တရုတ်တိုင်ပေနဲ့ ကန်တော့ ကျမ ဟတ်ထရစ် (သုံးဂိုး) သွင်းနိုင်ခဲ့တယ်။ အဲဒီပွဲတွေပေါ့။
CW။ ပြည်တွင်းပွဲတွေနဲ့ ပတ်သက်ပြီး ရရှိခဲ့တဲ့အောင်မြင်မှုတွေကကော။
မိုင်နီလာထွေး။ ဘောလုံးစကန်တော့ စည်ပင်ဝန်ကြီးဌာနက ခေါ်တယ်လေ။ အဲဒီမှာစကစားတယ်။ အဲဒီမှာလည်း ပထမဆုတွေရတယ်။ နောက်တော့- ပြည်ထဲရေးမှာ ငါးနှစ်ကစားတယ်။ ငါးနှစ်စလုံးပထမဆုရတယ်။ နောက်- ပို့ဆောင်ရေးကလည်း သူတို့ဆီမှာ ကစားပေးဖို့ခေါ်တော့ အဲဒီမှာလည်း သွားကစားဖြစ်တယ်။ သုံးကြိမ်လောက် ပထမဆုရခဲ့ပါတယ်။ ပြည်တွင်းပွဲကတော့ ဂိုး ၁၀၀ ဝန်းကျင်လောက်ရှိမယ်ထင်တယ်။ တချို့ပွဲတွေဆိုရင် တပွဲတည်းကို ငါးဂိုးတွေဘာတွေလည်း သွင်းဖူးတယ်။ သေချာ အတိအကျ မမှတ်မိတော့ဘူး။ ရှေ့တန်းအကောင်းဆုံးဆုတို့၊ ပွဲစဉ်တလျှောက်အကောင်းဆုံးဆုတွေလည်း အများကြီးရခဲ့ပါတယ်။
CW။ ဘောလုံးလောကကနေ အနားယူဖြစ်သွားတဲ့အကြောင်းကိုလည်း ပြောပြပေးပါဦး။
မိုင်နီလာထွေး။ ၂၀၁၁ မှာနောက်ဆုံးကန်ခဲ့ပါတယ်။ နောက်တော့- ဒူးဒဏ်ရာရနေတာလည်းပါ၊ အမေကလည်း ဆိုင်ကယ်မတော်တဆဖြစ်မှုနဲ့ ကွယ်လွန်းခဲ့တယ်။ အဖွဲ့ချုပ်ကတော့ ခွင့် (၃) လ ပေးပေမယ့်၊ အဖေတယောက်တည်းဖြစ်ပြန်တော့၊ ကြည့်ရှု့ဖို့လိုတော့ ပြန်မသွားဖြစ်တော့တာပါ။
CW။ ပြည်တွင်း/ပြည်ပမှာ အကြိုက်ဆုံးအားကစားသမားတွေကကော ဘယ်သူတွေဖြစ်မလဲ။
မိုင်နီလာထွေး၊ ဘောလုံးစကန်တဲ့အချိန်တုန်းက ဘဏ္ဍာအခွန်နဲ့ ဆောက်လုပ်ရေးအသင်းတွေ အားကောင်းတဲ့အချိန်လေ။ ဦးသန်းတိုးအောင်တို့ ဦးမျိုးလှိုင်ဝင်းတို့ပေါ့။ သူတို့ကစားတာတွေကို ကြည့်ပြီး ကြီးပြင်းလာခဲ့ရတာပါ။ အဲဒီနောက်ပိုင်းမှာတော့ ရန်ပိုင်ကိုလည်း ကြိုက်ပါတယ်။ ကိုယ်က ရှေ့တန်းကစားတဲ့သူဆိုတော့လေ- တိုက်စစ်သမားတွေကို ပိုသတိထားမိပါတယ်။ နိုင်ငံတကာမှာဆိုရင်တော့ ဘရာဇီးလ်အသင်းက ရိုနယ်လ်ဒိုကို အကြိုက်ဆုံးပါ။ ဒီနေ့အချိန်အထိသူ့ကတော့ ကျမရဲ့ အကြိုက်ဆုံးကစားသမားပါပဲ။
……………………………………………………………………..
တစ်ခေတ်တစ်ခါက မိုင်နီလာထွေး
မြန်မာအမျိုးသမီးဘောလုံးသမားတွေထဲမှာ အကောင်းဆုံး9Roleသမားက မိုင်နီလာထွေးပဲလို့ပြောရင် ငြင်းမယ့်သူမရှိဘူးထင်ပါရဲ့။
သူမက ပါဝါရှိတယ်။တိုးအား ရုန်းအားကောင်းတယ်။ပြီးတော့ အမြင့်ဘောကစားတဲ့နေရာမှာ စနစ်ကျတယ်။
ဒါကြောင့်လည်းသူမကို အမျိုးသမီးဝင်းအောင်လို့ တင်စားခဲ့ကြတယ်။
ဟိုတုန်းက အမျိးသမီးဝန်ကြီးဌာနပွဲတွေက ပြိုင်ဆိုင်မူပြင်းထန်တယ်။
မိုင်နီလာထွေးကစားနေတဲ့ စည်ပင်အသင်းပွဲတွေကလည်း တကယ်ကောင်းသလို စန်းစန်းမော်တို့ရှိနေတဲ့ပြည်ထဲရေး အေးနန္ဒာလိူင်တို့ရဲ့ပို့ဆောင်ရေးကလည်း အသင်းကောင်းတစ်သင်း။
အဲ့တုန်းက အမျိုးသမီးဝန်ကြီးဌာနပွဲတွေက အမျိုးသားပွဲလိုပဲ အကြိတ်အနယ်ရှိခဲ့တယ်။
မျိုးဆက်တွေကလည်း တိမ်ကောမသွားခဲ့ဘူး။တစ်ယောက်ပြီးတစ်ယောက်အပြိုင်ထွက်ပေါ်လာခဲ့ကြတယ်။အရမ်းအားရဖို့ကောင်းတယ်။ဆီးဂိမ်းမှာ ချန်ပီယံမဖြစ်ခဲ့ပေမဲ့ ချန်ပီယံခြေစွမ်းကိုပြသနိုင်ခဲ့တဲ့သူတွေ။
အရည်အချင်းရှိတဲ့မြန်မာအမျိုးသမီးကစားသမားတွေထဲမှာ မိုင်နီလာထွေးရဲ့ကစားပုံက ရှားတယ်။
ဝင်းသိဂီထွန်း ရီရီဦးတို့ လိုလည်းမဟုတ်ဘူး မာလာဝင်း ဇင်မာဝမ်းတို့နဲ့လည်းမတူဘူး။
တကယ့်9Roleစစ်စစ်ကြီး။
မြန်မာအမျိုးသမီးအသင်းနဲ့အတူ အာဆီယံမှာ ရွှေနှစ်ကြိမ်ရခဲ့တယ်။ဆီးဂိမ်းဖိုင်နယ်သုံးကြိမ်ထိ ကစားခဲ့ဖူးတဲ့တိုက်စစ်မူး။အမျိုးသမီးဝန်ကြီးဌာနပွဲတွေမှာလည်း တစ်ဉီးချင်းအကောင်းဆုံးကစားသမားဆု အကြိမ်ကြိမ်ရခဲ့ဖူးသူဖြစ်တယ်။မြန်မာအမျိုးသမီးဘောလုံးအကြောင်းပြောမယ်ဆိုရင် သူမကိုချန်လှပ်ထားလို့မရဘူး။
အခုလူတွေပြောပြောနေတဲ့ မေထက်လူခေါင်းတိုက်ကောင်းတယ်ဆိုတာထက် သူမက ပိုကောင်းခဲ့တဲ့ကစားသမားကြီးဖြစ်တယ်။သူမအနားယူသွားတဲ့အချိန်မှာ တိုက်စစ်မူးတွေအပြိုင်ထွက်ပေါ်လာခဲ့တယ်
ဒါပေမဲ့သူ့လိုမျိုး ရုန်းအားတိုးအားကောင်းတဲ့ကစားသမားထွက်ပေါ်မလာတော့ပါဘူး
By အလင်းဖြူ
18.7.2025




