Headlines

မလေးရှားမှာ ဆူပူရမ်းကားမှုတွေကို လက်တွဲဖြေရှင်းနိုင်ဖို့ ရဲအရာရှိအကြီးအကဲတွေနဲ့ ချင်းဒုက္ခသည်ညွှန့်ပေါင်းအဖွဲ့ ( ICC) ခေါင်းဆောင်တွေ ဒီကနေ့မှာ အရေးပေါ်အစည်းဝေးလုပ်ခဲ့

ဇူလိုင်လ ၁၇ ရက်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့နေရာတချို့မှာ ချင်းလူမျိုးတွေရဲ့ စည်းကမ်းမဲ့ သောက်စားမူးရစ် ရမ်းကားတာတွေ စည်းကမ်းမဲ့ နေထိုင်သွားလာတာတွေနဲ့ ပက်သက်ပြီး လက်တွဲဖြေရှင်းနိုင်ဖို့ IPD – Dang Wangi ရဲဌာန အရာရှိအကြီးအကဲတွေနဲ့ မလေးရှားရောက် ချင်းဒုက္ခသည်ညွှန့်ပေါင်းအဖွဲ့ ( ICC) ခေါင်းဆောင်တွေ ဒီကနေ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ CRC ရုံးမှာ အရေးပေါ်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အစည်းဝေးမှာ ပါဝင်တက်ရောက်ခဲ့တဲ့ ICC က တာဝန်ရှိသူတစ်ဦးက “သြဂုတ်လ ၉ ရက်နေ့ လူထုအစည်းအဝေးရှိမယ် ရဲအရာရှိက မိန့်ခွန်းလာပြောလိမ့်မယ် အဓိကတော့ လမ်းဘေးတွေမှာ အရက်သောက်မူးယစ်ရမ်းကားတဲ့သူတွေ ကင်းစင်အောင်ပေါ့ စီစဉ်ထားကြတာက မူးယစ်ရမ်းကားဖြစ်တဲ့သူတွေကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဝင်ထိန်းပေးမယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ပြောလို့မရရင် အာဏာပိုင်တွေကို အကြောင်းကြားရမယ် အဲလိုပေါ့” လို့ Chin World Media ကို ပြောပါတယ်။

ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ဆူပူရမ်းကားမှုတွေကို ဘယ်လို အတူတကွ လက်တွဲကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာတွေကို IPD – Dang Wangi ရဲဌာန အရာရှိအကြီးအကဲတွေနဲ့ မလေးရှားရောက် ချင်းဒုက္ခသည်ညွှန့်ပေါင်းအဖွဲ့ ( ICC) ခါင်းဆောင်တွေ အဓိကဆွေးနွေးခဲ့ကြတာဖြစ်ပြီး လာမယ့် သြဂုတ်လ ၉ ရက်နေ့မှာလည်း Pudu ဧရိယာရှိ ချင်းဒုက္ခသည်တွေကို ရဲဌာနအကြီးအကဲတွေက လူထုတွေ့ဆုံခြင်းနှင့် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ပြောကြားတာတွေ လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားရဲဌာနဘက်က ဦးစီးဦးဆောင်ပြီး ပြုလုပ်မယ့် လူထုတွေ့ဆုံမယ့် အစီအစဉ်အသေးစိတ်ကိုလည်း ICC ဘက်က ပြန်လည်ကြေညာပေးမှာဖြစ်သလို လူထုဘက်ကလည်း အားလုံးတက်ရောက်ပေးကြဖို့ကိုလည်း ICC ကလည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေကြောင့် ချင်းလူမျိုးတွေအပါဝင် တခြားတိုင်းရင်းသား လူမျိုးပေါင်းစုံဟာ မလေးရှားနိုင်ငံကို တရားဝင်၊ တရားမဝင်တဲ့နည်းလမ်းတွေနဲ့ ဝင်ရောက်နေထိုင်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *