Headlines

မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရတဲ့ ချင်းလူမျိုး ၁၃ ဦးကို လိုင်လူမှုကူညီရေးအသင်းမှ ရန်ကုန်လေဆိပ်မှာ သွားရောက်ကူညီခဲ့

ဇူလိုင်လ ၂၅ ရက်။

မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင်သူများကိုဖမ်းဆီးထိန်းသိမ်းပြီး နေရပ်မြန်မာနိုင်ငံကို ပြန်ပို့ခံရသူများအနက် ချင်းလူမျိုး ၁၃ ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဇူလိုင်လ (၂၄) ရက်နေ့က လိုင်လူမှုကူညီရေး-ရန်ကုန်အသင်းက သွားကြိုခဲ့ကာ လိုအပ်တာများဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။

ဟားခါးနဲ့ထန်တလန်မြို့နယ်မှချင်းမျိုးနွယ်စုများနဲ့ဖွဲ့စည်းထားတဲ့ လိုင်လူမှုကူညီရေးအသင်း-ရန်ကုန် ရဲ့ ဥက္ကဌ (၃) ဖြစ်သူ Pu Lian Iap က “ ကျနော်တို့ကို မလေးရှားဖက်က သက်ဆိုင်ရာအဖွဲ့နဲ့မိသားစုဝင်တွေ အကြောင်းကြားတာဖြစ်လို့ လေဆိပ်မှာ အဆင်ပြေပြေနဲ့ ထွက်လာနိုင်ဖို့အတွက် သွားရောက်ကူညီခဲ့ပါတယ်။ ပြန်အပို့ခံရတဲ့သူ ၉၀ လောက်ရှိတယ်လို့သိရပြီး ကျနော်တို့စာရင်းရထားတဲ့ ချင်းလူမျိုး ၁၃ ဦးဟာ လေဆိပ်ကနေ ဘေးကင်းစွာထွက်လာနိုင်ပါတယ်၊ကျနော်တို့ဆီစာရင်းရောက်ပြီး ပြန်ရောက်လာတဲ့ ချင်းလူမျိုး ၁၃ ဦးစလုံး သူတို့ရဲ့ နီးစပ်ရာဆွေမျိုး၊ မိတ်ဆွေတွေဆီအဆင်ပြေပြေပြန်ရောက်ပါပြီ” လို့ Chin World Media ကိုပြောပါတယ်။

လက်ရှိအချိန်မှာ မလေးရှားနိုင်ငံအတွင်း ဖမ်းဆီးခံရတဲ့တရားမဝင် ရွှေ့ပြောင်းလုပ်သားများအရေးနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းပြီး နေရပ်ပြန်ပို့မှုမျိုးဆက်လက်ရှိနေအုံးမှာဖြစ်တဲ့အတွက် သတိချပ်ပြီးနေထိုင်ကြဖို့လိုအပ်ကြောင်း၊ အကယ်၍ ပြန်အပို့ခံရသူများရှိလျှင်လည်း ရန်ကုန်ကမိမိတို့အဖွဲ့ထံအကြောင်းကြားစေလိုကြောင်း၊ မိမိတို့အဖွဲ့အစည်းအနေနဲ့ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်း Pu Lian Iap ကပြောပါတယ်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန အနေဖြင့် အချုပ်စခန်းများတွင် လူပြည့်ကြပ်နေမှုများကို ဖြေရှင်းရန်အတွက် ဖမ်းဆီးထားတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို (၁၀) ရက်အတွင်း သက်ဆိုင်ရာနိုင်ငံများကို ပြန်လည်ပို့ဆောင်ရန် ဇူလိုင် ၁၀ ရက်က သတ်မှတ်လိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *