Headlines

မရာလက်နက်ကိုင် ၂ ဖွဲ့အကြား စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲ အချိန်မရွေး ဖြစ်လာနိုင်တယ်လို့ ၂ဖွဲ့စလုံးက ထုတ်ပြန်၊ ပြောဆို

ဇူလိုင်လ ၃၀ ရက်။

ချင်းပြည်နယ် မရာဒေသမှာ ဇူလိုင်လ အစပိုင်းကာလမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ကြတဲ့ MTC/MDF နဲ့ IMC / CDF – Mara မရာလက်နက်ကိုင် ၂ အဖွဲ့အကြား လက်ရှိစစ်ရေးတင်းမာနေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့ကြောင်း ၂ ဖွဲ့စလုံးက ထုတ်ပြန်တာ၊ ပြောဆိုတာတွေ ရှိပါတယ်။

MTC/ MDF နဲ့ AA ပူးပေါင်းအဖွဲ့ က IMC / CDF – Mara ဌာနချုပ်အနီးနားရှိ ကျေးရွာတွေကို ဝိုင်းဝန်းပိတ်ဆို့ထားပြီး ၂ ဖက်စစ်ရေးတင်းမာနေသလို ပိတ်ဆို့ခံရတဲ့ ကျေးရွာအသီးသီးက ဒေသခံထောင်ချီသော ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ IMC / CDF – Mara က မနေ့ ဇူလိုင်လ ၂၉ ရက်နေ့ ကထုတ်ပြန်ပါတယ်။

MTC / MDF ရဲ့အုပ်ချုပ်ရေးပိုင်းမှာ President / တပ်ပိုင်းမှာ Commander in Chief တာဝန်ယူထားတဲ့ Dr.Bik က“ကျနော်တို့က CDF – Mara ဌာနချုပ်ဧရိယာဆိုပြီးမှ ထိုးစစ်ဆင်တာမဟုတ်ပါဘူး သူတို့က လိုင်းပေါ်ကြီးကြီးကျယ်ကျယ်အော်နေတာ ကျနော်တို့က အဲဒီမှာ အုပ်ချုပ်ရေးဖွဲ့ပြီးသားရွာတွေပါ အရင်ကတပ်မချနိုင်လို့ အခုတပ်ချမယ်ဆိုပြီးမှသွားတဲ့ အနေထားပါ တကယ်ဆိုရင် ကျနော်တို့ အုပ်ချုပ်ရေးလည်ပတ်နေတဲ့ဟာပါ ထိုးစစ်ဆင်တဲ့ အနေထားမဟုတ်ပါဘူး တဖြည်းဖြည်းနဲ့ကျနော်တို့ တပ်မချသေးတဲ့နေရာကို တပ်ချပြီးမှ အုပ်ချုပ်ရေးကောင်းကောင်း လည်ပတ်နိုင်ဖို့ လုပ်တဲ့ အနေထားပါ။ သူတို့ထုတ်ပြန်သလို ထောင်နဲ့ချီပြီး စစ်ဘေးရှောင်တယ်ဆိုတဲ့ဟာက မရှိပါဘူး သူတို့ကို ထောက်ပံ့တဲ့ ရွာ ၊ လူတချို့တွေက သူတို့နယ်မြေဘက်ထွက်ပြေးပြီးမှ စစ်ဘေးရှောင်တယ်လို့ ပြောတာဖြစ်တယ် ထောင်နဲ့လည်းမချီပါဘူး သူတို့ဘက်ပါတဲ့သူ ကျနော်တို့အတွက်ဆိုရင် သတင်းအချက်အလက် ယူနိုင်တဲ့သူတွေ ထွက်ပြေးတဲ့အနေထားပါ” လို့ပြောပါတယ်။

MTC / MDF အနေနဲ့ အချင်းချင်းကြား လက်နက်ဖြင့် ဖြေရှင်းတာကို မလိုချင်ပေမယ့် တဖက်က စစ်ရေးနဲ့ ပြဿနာကို ဖြေရှင်းလာရင် စစ်ရေးနှင့်ပြန်လည် ဖြေရှင်းသွားမှာဖြစ်တယ်လို့လည်း MTC / MDF ရဲ့အုပ်ချုပ်ရေးပိုင်းမှာ President / တပ်ပိုင်းမှာ Commander in Chief တာဝန်ယူထားတဲ့ Dr.Bik ကပြောပါတယ်။

MTC / MDF နဲ့ IMC / CDF – Mara အကြား ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့က ဖန်တလန်ကျေးရွာ၊ ဆော်မှိန်တိုက်နယ်က နေရာ ၃ ခုမှာ ထိတွေ့ပစ်ခတ်မှုတွေ ရက်ပိုင်းအကြာ ဖြစ်ခဲ့ပြီးနောက်ပိုင်း နှစ်ဖက် ထိတွေ့ပစ်ခတ်မှုတွေ ပြန်ရပ်တန့်နေခဲ့တာဖြစ်ပါတယ်။

MTC / MDF က ချင်းညီနောင်အဖွဲ့ ( CB) အဖွဲ့ဝင်ဖြစ်ပြီး IMC / CDF – Mara က Chinland Council (CC) အဖွဲ့ဝင်လည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *