
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်နားတစ်
နေရာမှာ မနေ့ ဇူလိုင်လ ၂၇ ရက်နေ့က ဒေသခံ ၁ ဦးမိုင်းနင်းမိလို့ ခြေထောက် ၁ ဖက် ပြတ်ကာ သူ့အနားက ၁ ဦးလည်း ထိခိုက်ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ မင်းတပ်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။
မင်းတပ်မြို့နေ ဒေသခံတစ်ဦးက “တစ်ဦးကတော့ ခြေထောက်တစ်ဖက်ပြတ်သွားတယ် နောက်တစ်ဖက်လည်းဖြတ်ရမယ့် ပုံပါပဲ တစ်ဦးကတော့ မျက်နှာထိသွားတယ် ဖြစ်သွားတာက မြို့ပေါ်နားမှာလို့ပြောလို့ရတယ် တစ်ဦးက နင်းမိလို့ ၂ ဦးစလုံးထိသွားတာမျိုးဖြစ်တယ် အခုဖြစ်တဲ့ နေရာက အရင်ကလည်း သူတို့မနင်းမိခင်ကတည်းက ပြည်သူတွေသွားလာနေကြနေရာပါ” လို့ပြောပါတယ်။
မင်းတပ်မြို့နဲ့အနီးဝန်းကျင်တွေမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေ မပေါက်ကွဲသေးတဲ့ မိုင်းတွေ ရှိနေသေးတာကြောင့် ဒေသခံတွေအနေနဲ့ ထိတွေ့ကိုင်တွယ်တာတွေ မလုပ်ဖို့နဲ့ မိုင်းမရှိမယ့် နေရာတွေကိုသာ သွားလာကြဖို့ကိုလည်း တာဝန်ရှိသူတွေဘက်ကပြောထားပါတယ်။
မင်းတပ်မြို့ဒေသခံတစ်ဦးက “လက်ကျန်မိုင်းတွေ အများပြည်သူသွားလာနေတဲ့ နေရာပဲ နင်းမိကြတာ။ တချို့နေရာတွေဆို မိုင်းရှင်းပြီးသားနေရာတွေမှာပဲ နင်းကြတော့ ပြောရမှာခက်ခဲပါတယ်။ ဒါပေမယ့်လက်နက်ကြီး မပေါက်ကွဲတဲ့ဟာတွေ 40 MM မပေါက်တဲ့ဟာတွေလည်း မင်းတပ်မြို့နဲ့အနီးတွေမှာရှိနေသေးတဲ့အတွက် ထိတွေ့ကိုင်တွယ်မှု မပြုကြဖို့ ထင်းရှာချင်ရင်လည်း မိုင်းမရှိမယ့် အဝေးတွေမှာ ရှာကြဖို့ ပြောချင်တယ်” လို့ပြောပါတယ်။
မင်းတပ်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ ထောင်ထားတဲ့ မြေမြှုပ်မိုင်း၊ ရှေ့ထွက်မိုင်းအပါအဝင် မိုင်းစုစုပေါင်း ၂၀၀၀ ထက်မနည်းကို ရှင်းထားနိုင်ပြီဖြစ်တယ်လို့လည်း ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
မင်းတပ်မြို့ကို စစ်ကောင်စီလက်ထဲကနေ CDF – Mindat ပါဝင်တဲ့ ချင်းညီနောင်တပ်ဖွဲ့နဲ့ မဟာမိတ်တွေက ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ မှာ သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း မိုင်းနင်းမိတဲ့ ဒေသခံ ၅ ဦးအထက်ရှိတော့မှာဖြစ်တယ်လို့ သိရပြီး မိုင်းနင်းမိလို့ သေဆုံးတာမျိုးတော့ အခုထိမရှိသေးဘူးလို့လည်း သိရပါတယ်။
