Headlines

မကြားအိမ်နူးကျေးရွာမှာ CDF-Kanpetlet အဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ပြည်သူတွေစိုးရိမ်နေတယ်လို့ DRC ထုတ်ပြန်

ဇူလိုင်လ ၁၆ ရက်။

ကန်ပက်လက်မြို့နယ်၊ မကြားအိမ်နူးကျေးရွာအနီး တပ်စွဲခဲ့ကြတဲ့ CNA တပ်ဖွဲ့ဝင်တွေ တပ်ရုပ်သိမ်းစခန်းစွန့်သွားတာကို အကြောင်းပြုပြီး ချင်းညီနောင်အဖွဲ့ဝင် CDF – Kanpetlet ကမိမိတို့နဲ့ကြိုတင်ညှိနှိုင်းတာတွေမလုပ်ဘဲ ဒိုင်ရ်ဒေသန္တရကောင်စီအုပ်ချုပ်ရေးနယ်မြေမှာ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှာကို ပြည်သူတွေစိုးရိမ်နေကြတယ်လို့ ဒိုင်ရ်ဒေသန္တရကောင်စီ (DRC) က မနေ့ ဇူလိုင်လ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒိုင်ရ်ဒေသန္တရကောင်စီအုပ်ချုပ်ရေးနယ်မြေ ဒေသ (၁) မကြားအိမ်နူးကျေးရွာအပါအဝင် ဒေသတစ်ခုလုံးရဲ့ ကာကွယ်ရေးနှင့် လုံခြုံရေးကို CDF – Daai က တာဝန်ယူဆောင်ရွက်နေတာကြောင့် ညီအစ်ကိုတော်လှန်ရေး၊ အင်အားစုတွေအနေဖြင့် ေဒသတွင်း တည်ငြိမ်အေးချမ်းရေးကို ရှေးရှုကာ ဒိုင်ရ်ဒေသန္တရကောင်စီအုပ်ချုပ်ရေး နယ်မြေအတွင်းရောက်ရှိနေတဲ့ စစ်ကြောင်းတွေအား အမြန်ဆုံး ပြန်လည်ဆုတ်ခွာပေးဖို့ကိုလည်း အသိပေးတဲ့အကြောင်း ဒိုင်ရ်ဒေသန္တရကောင်စီ(DRC) က ထုတ်ပြန်ထားပါတယ်။

ကန်ပက်လက်မြို့နယ်၊ မကြားအိမ်နူးကျေးရွာက ချင်းအမျိုးသားတပ်မတော် (CNF/CNA ) တပ်ဆုတ်ခဲ့တဲ့ နေရာမှာ CDF-Daai /DRC က ဝင်ရောက်နေရာယူရန်ဖိအားပေးဆွေးနွေးညှိနှိုင်း လာတဲ့အပေါ် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမှ တပ်စွဲခွင့်မပြုနိုင်ဘူးလို့ မကြားအိမ်နူး ကျေးရွာပြည်သူလူထု သဘောထားထုတ်ပြန်ချက် တစောင် ဇူလိုင်လ ၁၃ ရက်နေ့ ရက်စွဲနဲ့ online မှာ ပျံနှံ့လာတာကိုတွေ့ရပါတယ်။

ဒိုင်ရ်လူမျိုးဒေသခံတစ်ဦးက “မကြားအိမ်နူးရွာက ဒေသခံအကုန်လုံးက CNA ထာက်ခံတဲ့သူတွေပါ CNA ထဲမှာလဲ အဲရွာက လူငယ်တွေအကုန်နီးပါးဝင်ကြတယ် လက်ရှိ CDF – Daai က စခန်းချဖို့ရှိတယ် ရွာသားတွေနဲ့ CDF – Daai အကြား အဆင်ပြေကြပါတယ် ဒီဒေသက အစကတည်းကနေ DRC ရဲ့ အုပ်ချုပ်ရေး အောက်က ရွာပါ ရွာသားတွေ တားမြစ်တာနဲ့ ပက်သက်တဲ့ ထုတ်ပြန်တာလည်း ၁၃ ရက်နေ့က ထုတ်တာလည်း ရှိပါတယ် ဒါပေမယ့် ၁၄ ရက်နေ့ကတည်းက အဆင်ပြေကြပြီးသားပါ ရွာသားတွေနဲ့ CDF – Daai အကြားမှာ” လို့ပြောပါတယ်။

မကြားအိမ်နူး ကျေးရွာပြည်သူလူထု အနေဖြင့်လည်း ကျေးရွာနယ်နိမိတ်အတွင်း ရပ်ရွာပြည်သူလူထုရဲ့ တားမြစ်ချက်တွေကို ချိုးဖောက်ဝင်ရောက် တပ်စွဲလာတဲ့ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမဆို နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ ပြဿနာတွေအားလုံးကို တာဝန်ယူရမှာဖြစ်ပြီး CDF – Daai အနေဖြင့်လည်း တစ်စုံတစ်ရာ ကျူးလွန်ချိုးဖောက်လာရင် မကြားအိမ်နူးသည် DRC ( ဒိုင်ရ် ဒေသန္တရ ကောင်စီ) နှင့် လည်း လုံးဝပတ်သက် ဆက်နွယ်တော့မှာ မဟုတ်ဘူးလို့ Online မှာ ပျံနှံ့နေတဲ့မကြားအိမ်နူး ကျေးရွာပြည်သူလူထု သဘောထားထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ကန်ပက်လက်မြို့နယ်ထဲက မကြားအိမ်နူးကျေးရွာမှာ အိမ်ခြေ ၇၅ အိမ်ခြေဝန်းကျင်ရှိပြီး ဒိုင်ရ်ဒေသန္တရကောင်စီ ( DRC) ရဲ့ အုပ်ချုပ်ရေးနယ်မြေဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *