Headlines

ဗဟိုမီဇိုလူငယ်အသင်း(CYMA)က ၅ လအတွင်းဖမ်းဆီးရမိတဲ့ ရူပီး သိန်း ၄၂၉.၂၇ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖျက်ဆီး

ဇူလိုင်လ ၁ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ဗဟိုမီဇိုလူငယ်အသင်း(CYMA) ရဲ့ လက်အောက်ခံ ဗဟိုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (CADS)ကဦးစီးပြီး မီဇိုရမ် ပြည်နယ်အတွင်း ဖမ်းဆီးရမိတဲ့ ရူပီး သိန်း ၄၂၉.၂၇ တန်ဖိုးရှိမူးယစ်ဆေးဝါးများဖျက်စီးခြင်း အစီအစဉ်တစ်ရပ်ကို ဇွန်လ (၃၀) ရက်နေ့က မြို့တော်အိုင်ဇော်လ်မြို့ရှိ YMA ခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ India Today မီဒီယာကဖော်ပြပါတယ်။

CYMA အတွင်းရေးမှုး Prof. Malsawmliana က ဖမ်းစီးရမိတဲ့ မူးယစ်ဆေးဝါးဖမ်းဆီးထားမှုနဲ့ပတ်သက်ပြီး စာရင်းများကို တင်ပြခဲ့ရာ ၂၀၂၅ မတ်လကနေ ဇွန်လကုန်အထိ ငါးလအတွင်း ဘိန်းဖြူ (နံပါတ် ၄): ၈၆၁ ယူနစ်၊ တစ်တက် ဆေးပြားများ: ၁,၄၉၈ ပြား၊ မက်သာအမ်ဖက်တမင်း: ၁၀ ကီလိုဂရမ်၊ ဆေးဝါးပြားများ: ၂၅,၃၈၃ ပြား၊ ဘိန်းပင်: ၅၆ ကီလိုဂရမ်၊ ကိုဒင်းပါသော ချောင်းဆိုးပျောက်ဆေးရည်: ၂,၈၀၅ ပုလင်း၊ တရားမဝင် အရက်/ဘီယာ အမြောက်အမြားကိုဖမ်းဆီးရမိခြင်းဖြစ်ပြီး စုစုပေါင်း ခန့်မှန်းခြေ ရူပီး ၄၂၉.၂၇ သိန်းတန်ဖိုးရှိတယ်လို့ဆိုပါတယ်။

မတ်လ ၁၅ ရက်နေ့ကစပြီး မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အမှုများဖြင့် လူ ၈၀၉ ဦးကို CADS မှ ဖမ်းဆီးခဲ့တဲ့အနက် ၄၄၀ ဦးကို အသိပညာပေးခြင်း၊ အကြံဉာဏ်ပေးခြင်း ခံယူစေခဲ့တယ်လို့ ဆိုပါတယ်။ ၃၇ ဦးကို ပြန်လည်ထူထောင်ရေးစခန်းများသို့ ပို့ဆောင်ခဲ့ကာ၊ ၄၈ ဦးကို အခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး၊ ၄ ဦးကိုမူ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်းသိရပါတယ်။

အဆိုပါ အစီအစဉ်မှာ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhhoma ကိုယ်တိုင်တက်ရောက်ခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲကာ ပြန်လည်ကောင်းမွန်လာသူများကို လူ့အဖွဲ့အစည်းအတွင်း သို့ပြန်လည်ပေါင်းစည်းရေးရဲ့အရေးပါပုံကို အဓိကပြောကြားခဲ့ပြီး အရည်အသွေးမြင့် ပြန်လည်ထူထောင်ရေးစခန်းများတည်ထောင်ရန်အတွက် ဘုရားကျောင်းအဖွဲ့အစည်းအသီးသီးနဲ့ဆွေးနွေးမှုများပြုလုပ်နေတယ်လို့ မိန့်ခွန်းမှာပြောကြားခဲ့ပါတယ်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က “ မူးယစ်ဆေးဝါးရဲ့သားကောင်ဖြစ်ခဲ့သူများအတွက် ကျွမ်းကျင်မှုသင်တန်းနဲ့ ရေရှည်တည်တံ့တဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများ ဆောင်ရွက်ပေးနိုင်ဖို့ ပြန်လည်ထူထောင်ရေးဂေဟာများလိုအပ်တယ်။ ကျွန်ုပ် လူ့အဖွဲ့အစည်းရဲ့ ရပ်ရွာသာယာဝပြောရေးအတွက် ကတိပြုထားသည့် YMA ကဲ့သို့သော အဖွဲ့အစည်းများကို တန်ဖိုးထားပြီး အမှန်တကယ် ထောက်ခံ ချီးကျူးစရာပင်ဖြစ်တယ်” လို့ပြောပါတယ်။

CYMA ဥက္ကဌ Pu Lalhmachhuana က ယခုဖျက်စီးတဲ့ မူးယစ်ဆေးဝါးများကို ဗဟိုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ CADS ကသိမ်းဆည်းရမိတာဖြစ်ပြီး ဥပဒေစိုးမိုးရေးအေဂျင်စီများထံ လွှဲပြောင်းမပေးရသေးတဲ့ မူးယစ်ဆေးဝါးများဖြစ်တယ်လို့ပြောပါတယ်။

CYMA ရုံးတွင် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးအချို့ကို အထိမ်းအမှတ်အဖြစ် ဖျက်ဆီးခြင်းဖြင့် ပူးပေါင်းပါဝင်ခဲ့ပြီး အန္တရာယ်ရှိပြီး ပမာဏများတဲ့ မူးယစ်ဆေးဝါးများကို CADS အဖွဲ့ဝင်များက သတ်မှတ်ထားတဲ့ ဘေးကင်းရာမှာ ထပ်မံဖျက်စီးခြင်းကို ဆက်လက် ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *