
ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ် ၊ ဒေသ ၂ ဒိုင်ရ်ဒေသမှ အသက် ၄၀ ကျော်အရွယ် ဦးနိုင်လုံးဟာ ဇူလိုင်လ ၂၆ ရက်နေ့က ပီချောင်းဆုံကို ကုန်ပစ္စည်းသည်ဖို့ သွားရောက်စဉ် ပျောက်ဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒိုင်ရ်ချင်းလူမျိုးဖြစ်တဲ့ ဦးနိုင်လုံးဟာ ပီချောင်းဆုံကိုစက်လှေနဲ့ သွားပြီး သံချောင်းဝဘက်ကို ပို့ဖို့ ပစ္စည်းတွေ သယ်လာစဉ် ပီချောင်းဆုံအောက်နားမှာ လူမပါလာဘဲ တင်လာတဲ့ ပစ္စည်းနဲ့ စက်လှေဘဲ မျှောလာတာလို့ ဒေသခံတွေကပြောပါတယ်။
ဒိုင်ရ်ဒေသခံတစ်ဦးက “ ဦးနိုင်လုံးက ပီချောင်းဆုံမှာ ပစ္စည်းသယ်လို့ စက်လှေနဲ့သွားတယ် သူက သံချောင်းဝဘက်ကို ပို့မယ့် ပစ္စည်းတွေကို လာသယ်တာ ၂၆ ရက်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်မှာဘဲ ပစ္စည်းတွေသည်ပြီး ပီချောင်းဆုံကနေ သူ့သူငယ်ချင်း တခြားစက်လှေတွေ မစောင့်ဘဲ ပြန်ထွက်လာတာမှာ ပီချောင်းဆုံအောက်နားမှာ လူမပါဘဲ သူတင်လာလာတဲ့ ပစ္စည်းနဲ့ စက်လှေဘဲမျှောတာကို တခြားပစ္စည်းတင်ဖို့ သွားတဲ့သူတွေက မြင်မှ သူပျောက်တာသိတယ် အခုထိ ရှာနေကြတာ မတွေ့သေးဘူး” လို့ပြောပါတယ်။
ပလက်ဝမြို့နယ်တွင်းက သံချောင်းဆုံအထိ မကွေးတိုင်း ၊ ဆောမြို့တွေကနေ ကားတွေနဲ့ ကုန်ပစ္စည်းတွေကိုသယ်လာပြီး သံချောင်းဆုံရောက်မှ ဟွန်ဒါစက်လှေတွေနဲ့ တဆင့် ပလက်ဝမြို့နယ်အတွင်းနှင့် ရခိုင်ပြည်နယ်တွေဘက်ကို ပြန်သယ်ကြတာလို့လည်း သိရပါတယ်။
