
ဆမ်မာန်း
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို အရက္ခတပ်တော်(အေအေ)က သိမ်းပိုက်ထားသည့် ၂၀၂၄ ခုနှစ်မှစပြီး တစ်နှစ်ကျော်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများသည် အနည်းဆုံး လေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
ထိုဖြစ်ရပ်များသည် ဒေသခံအမျိုးသမီးများ၏ ဘဝများကို ကြောက်ရွံ့မှုနှင့် မလုံခြုံမှုအတွင်း နစ်မြှုပ်စေခဲ့ပြီး ၎င်းတို့၏ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် ဆမီးမြို့၊ အေအေစခန်းအနီးတွင် ဒေသခံချင်းအမျိုးသမီးတစ်ဦးအား ရခိုင်စကားပြောသည့် အမည်မသိလူတစ်စုက အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး သတိလစ်သည်အထိ ရိုက်နှက်ကာ ချောင်းစပ်တစ်နေရာတွင် စွန့်ပစ်ထားခဲ့သည်။
ဒေသခံချင်းအမျိုးသမီးတစ်ဦးက “ဒီလိုရက်စက်မှုတွေက ကျွန်မတို့ရွာထဲမှာ ဘယ်သူမှ လုံခြုံမှုမရှိတော့ဘူးလို့ ခံစားရစေတယ်။ ပလက်ဝကို အေအေ မရောက်လာခင် အချိန်မှာဆိုရင် အခုလိုမျိုး ဖြစ်ရပ်တွေမရှိဖူးပါဘူး။” ဟု ပြောကြားခဲ့သည်။
စက်တင်ဘာလ ၂၈ ရက်တွင် အသက် ၂၄ နှစ်အရွယ် ကိုကျော်ထွန်းလင်းဆိုသူသည် မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးနေသဖြင့် အေအေက ဖမ်းဝရမ်းထုတ်ခဲ့ပြီး ၎င်း၏ဆိုင်းဘုတ်ကို ၂၀၂၅ ဧပြီလ ၂၁ ရက်တွင် အေအေနှင့်နီးစပ်သူတစ်ဦးက လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။
ဒေသခံရခိုင်အမျိုးသားတစ်ဦးက “ဒီလိုဝရမ်းထုတ်တာက ပြဿနာကို ဖြေရှင်းဖို့ လုံလောက်မှုမရှိဘူး။ တရားခံတွေကို ထိရောက်စွာ ဖမ်းဆီးအရေးယူဖို့ လိုအပ်တယ်” ဟု ထောက်ပြသည်။
၂၀၂၅ ဧပြီလ ၅ ရက်နေ့တွင် စိမ်းစင်းကျေးရွာက အသက် ၂၃ နှစ်အရွယ် နို့စို့ကလေးမိခင်တစ်ဦးကို အေအေအရာရှိနှင့် ရဲဘော်တစ်ဦးက မုဒိမ်းကျင့်ပြီး ချောင်းတွင် ရေနစ်သတ်ရန် ကြိုးပမ်းခဲ့သည်။ စိမ်းစင်းကျေးရွာတွင် အာရက္ခတပ်တော် (အေအေ) တပ်ဖွဲ့နှစ်ဦး မုဒိမ်းမှုကျူးလွန်ထားခြင်းသည် မှန်ကန်ကြောင်းနှင့် ၎င်းတို့နှစ်ဦးကို ပြစ်မှုကျူးလွန်သည့်နေ့မှစ၍ ဖမ်းဆီးထားပြီးဖြစ်ကြောင်းကို အေအေပြောခွင့်ရ ဦးခိုင်သုခက ရခိုင်မီဒီယာတစ်ခုဖြစ်သည့် နိရဥ္ဌရာသတင်းဌာနတွင် ဧပြီ ၂၄ရက်နေ့က ပြောဆိုထားသော်လည်း ယနေ့အချိန်ထိ ပွင့်လင်းမြင်သာစွာ အရေးယူသည်ကို မတွေ့ရှိရသေးပါ။
ဒေသခံချင်းအမျိုးသမီးတစ်ဦးက “ကလေးနဲ့အမျိုးသမီးတောင် ဒီလိုရက်စက်မှုကနေ လွတ်မြောက်နိုင်တာ မဟုတ်တော့ဘူး။ စိမ်းစင်းကျေးရွာက အဓမ္မပြုကျင့်မှုကို အခုထိ အေအေကမဖြေရှင်းနိုင်သေးဘူးလို့သိရတယ်။ နစ်နာသူကိုလည်း ငွေကျပ် သိန်း ၁၀၀နဲ့ကျေအေးပေးဖို့ နှစ်တိတိ အေအေက ဖိအားပေးထားပေမယ့် လက်မခံဘူးလို့သိရတယ်။” ဟု ဝမ်းနည်းစွာ ပြောကြားသည်။
၂၀၂၅ခုနှစ်၊ မေလ ၂၃ ရက်တွင် ဆမီးမြို့၊ ပီဝကျေးရွာမှ အသက် ၂၇ နှစ်အရွယ် ဒေါ်စန်းရီ မုဒိမ်းကျင့်သတ်ဖြတ်ခံရပြီး ခြေလက်ကြိုးတုတ်ထားသည့် ရုပ်အလောင်းကို ကျေးရွာနှစ်ခုကြားတွင် တွေ့ရှိခဲ့သည်။ ဆမီးဒေသခံချင်းအမျိုးသားတစ်ဦးက“ဒီလိုရက်စက်မှုတွေ ပလက်ဝမြို့နယ်မှာ ဖြစ်လာမယ်လို့ ဘယ်သူမှ မထင်မှတ်ခဲ့ဘူး။ သူ့အလောင်းကို ပီဝနဲ့ ကျီဝကြားမှာ ဒေသခံတွေက ပြန်တွေ့တယ်။ သူ့အလောင်းကို အေအေတပ်ဖွဲ့ဝင်တွေက ဓာတ်ပုံရိုက်ခွင့်လည်း မပေးကြဘူး။”ဟုပြောသည်။
၂၀၂၅ခုနှစ်၊ မေလ ၂၆ ရက်တွင် ရွှေလိုင်ပွီကျေးရွာမှ အသက် ၆၈ နှစ်အရွယ် ဒေါ်တောင်းရီ မုဒိမ်းကျင့်ခံရပြီး ဓားထိုးဒဏ်ရာ၊ ထိုးကြိတ်ဒဏ်ရာများ၊ ဆံပင်ဖြတ်ခံရမှုနှင့် အင်္ဂါဖျက်ဆီးခံရမှုဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို မေလ ၂၉ ရက်တွင် ရွာသားများက တွေ့ရှိခဲ့သည်။
ဒေသခံချင်းအမျိုးသားတစ်ဦးက “ဒီလိုရက်စက်မှုက လူသားဆန်မှု မရှိတော့ဘူး။ အဖွားအရွယ်ကို ဒီလိုက်ရက်တာက အံဩစရာပါပဲ။ မသက်ာစရာအချို့ရှိပေမယ့် မျက်မြင်မရှိတော့ ဘယ်သူလုပ်တယ်ဆိုတာက ပြောဖို့ခက်ပါတယ်။” ဟု ဒေါသထွက်စွာ ပြောကြားသည်။
ဤလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် ပလက်ဝမြို့နယ်ရှိ အမျိုးသမီးများ၏ ဘဝများကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။ နေ့စဉ်ဘဝတွင် လုံခြုံမှုမရှိခြင်း၊ ကြောက်ရွံ့မှုနှင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများသည် ၎င်းတို့၏ လွတ်လပ်စွာ သွားလာနေထိုင်ပိုင်ခွင့်ကို ကန့်သတ်ထားသည်။
ဒေသခံချင်းအမျိုးသမီးတစ်ဦးက “ကျွန်မတို့ အလုပ်သွားဖို့တောင် ကြောက်နေရတယ်။ ဘယ်အချိန် ဘယ်နေရာမှာ ဒီလိုဖြစ်လာမလဲ မသိဘူး။ အေအေ အနေနဲ့ ဒေသခံအမျိုးသမီးတွေရဲ့ လုံခြုံမှုကို အာမခံချက်ပေးသင့်တယ်။” ဟု ပြောသည်။ ဒေသအတွင်းလူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးကလည်း “ဒီဖြစ်ရပ်တွေက အမျိုးသမီးတွေရဲ့ ဘဝကို ဖျက်ဆီးရုံတင်မကဘူး။ ဒေသတစ်ခုလုံးရဲ့ လူမှုအသိုင်းအဝိုင်းကို ပြိုလဲစေနိုင်တယ်။ကျွန်တော်အမြင်ကတော့ မုဒိမ်းကျင့် ခံရသူတွေက စနစ်တကျတိုင်ကြားနိုင်မူ၊ တိုင်ကြားမူအပေါ် လက်လွက်စပယ်မလုပ်ပဲ မုဒိမ်းမူ ကျူးလွန်သူအပေါ် ထိုက်တန်သော အပြစ်ဒဏ်တွေ ပေးစေချင်တယ်။အဓိကတော့ ဒီမုဒိမ်းကျင့်မှု အပါအဝင် အခြားပျောက်ဆုံး၊ သေဆုံးမူတွေကို အရေးယူနိုင်တဲ့ ဉပဒေတစ်ခုကို စနစ်တကျ ဖွဲ့စည်းပေးချင်တယ်။” ဟု သတိပေးသည်။
ထိုဖြစ်ရပ်များသည် ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လုံခြုံရေး အားနည်းချက်များကို ထင်ရှားစွာ ဖော်ပြနေသည်။ ဒေသခံများအကြား မုဒိမ်းမှုကျူးလွန်သူများသည် အေအေတပ်ဖွဲ့ဝင်များနှင့် ဆက်စပ်နေသည်ဟု ယုံကြည်မှုရှိပြီး၊ တရားမျှတမှုရရှိရန် အခွင့်အလမ်းသည် အကန့်အသတ်ရှိနေသည်။
ဒေသအတွင်းလူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက “ဒီလိုရာဇဝတ်မှုတွေကို တားဆီးဖို့ အာဏာပိုင်တွေဆီက ထိရောက်တဲ့ အရေးယူမှု မရှိရင်၊ အမျိုးသမီးတွေရဲ့ ဘဝတွေက ဆက်လက်ပျက်စီးနေဦးမယ်။ထိခိုက်သူများအတွက် အခမဲ့စိတ်ကျန်းမာရေး အထောက်အပံ့နဲ့ တိုင်ကြားရေးနေရာကို စနစ်တကျ ဖန်တီးပေးစေချင်တယ်။ အမျိုးသမိးနဲ့ကလေးသူငယ်များကိုကာကွယ်ရေးအစီအစဉ်များ လုပ်ပေးစေချင်တယ်။ မုဒိမ်းကျင့်သူတွေအပေါ် ထိုက်သင့်သော အပြစ်ဒဏ်ပေးနိုင်မူမရှိဘဲ၊ ထိခိုက်သူအပေါ် ပြစ်တင်တာမျိုးတော့ မဖြစ်စေချင်ပေါ့။”ဟု ထောက်ပြသည်။
ဒေသခံချင်းအမျိုးသမီးတစ်ဦးကလည်း “အေအေက တရားခံတွေကို ဖမ်းဖို့ ကြိုးစားနေတယ်လို့ ပြောပေမယ့်၊ လက်တွေ့မှာက ဖမ်းဆီးနိုင်တာမရှိဘူး။အဲဒါကြောင့် ကျွန်မတို့ရဲ့ ယုံကြည်မှုက လျော့နည်းနေပြီ။ ကျွန်မတို့လိုချင်တာက ပြစ်မှုကျူးလွန်တဲ့သူတွေကို ဖမ်းဆီးပြီး အများပြည်သူရှေ့မှာ တရားမျှတစွာ အပြစ်ပေးအရေးယူဖို့ပဲလိုချင်ပါတယ်။ ” ဟု ပြောကြားသည်။
ပလက်ဝမြို့နယ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် အမျိုးသမီးများ၏ ဘဝများကို ကြီးမားစွာ ထိခိုက်စေပြီး ဒေသတွင်း လုံခြုံရေးနှင့် လူ့အခွင့်အရေးအတွက် အရေးတကြီး ဖြေရှင်းရန် လိုအပ်နေသည်။ ဒေသခံများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ၏ အသံများသည် တရားမျှတမှုနှင့် အကာအကွယ်ပေးရေးအတွက် အရေးကြီးသည့် တောင်းဆိုမှုများဖြစ်သည်။ အမျိုးသမီးများသည် ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် လွတ်လပ်မှုကို ပြန်လည်ရရှိရန် ထိရောက်သော တရားစီရင်ရေးနှင့် လုံခြုံရေးအစီအမံများ လိုအပ်လျက်ရှိသည်။