
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ဇူလိုင်လအတွင်း မိုးများလို့ ဗုဒ္ဓဂါမကျေးရွာနဲ့ အလယ်ဒိန်ရွာမှာ လယ်ဧက အများအပြားကို ချောင်းရေတိုက်စားတာကြောင့် ပြိုကျပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတစ်ဦးက “ဗုဒ္ဓဂါမ နဲ့ အလယ်ဒိန်က လယ်မြေယာတွေ မိုးများပြီး မောချောင်းရေ က တိုက်စားလို့ လယ် ၁၅ ဧက ဝန်းကျင်လောက်ပျက်စီးတယ်လို့ သိရတယ် အဲဒီက လယ်ဧကတွေ ချောင်းရေတိုက်စားလို့ ပျက်စီးလာတာ အခုဒီနှစ်နဲ့ ဆိုရင် လယ်ဧက ၈၀ လောက်ရှိတော့မယ်” လို့ပြောပါတယ်။
ပလက်ဝမြို့နယ်အတွင်း ဇူလိုင် ၁ ရက်နေ့ကစလို့ မိုးသည်းထန်စွာ အဆက်မပြတ်ရွားသွန်းပြီး တောင်ကျရေကြောင့် မောချောင်းရေမြင့်တက်ကာ ချောင်းရေ တိုက်စားတာတွေဖြစ်ပြီး လယ်ဧက အမြောက်များ ပြိုကျပျက်စီးခဲ့ရတာလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတွေအနေနဲ့ အခုပြိုကျပျက်စီးသွားတဲ့ လယ်မြေဧကတွေမှာ မိုးရာသီမှာဆိုလျှင် စပါးစိုက်ပျိုးပြီး၊ ဆောင်းရာသီဆိုလျှင် နှမ်း၊ မြေပဲ၊ မုန့်ညှင်းတွေကို စီးပွားဖြစ် စိုက်ပျိုးကြကာ အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။
