

ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာဖြင့် သယ်ယူပို့ဆောင်လာသော စိတ်ကြွဆေးပြား၊ ဘိန်းဖြူအမြောက်အများနှင့် လက်နက်တွေ အပါအဝင် တော်လှန်ရေးရဲဘော် ၃ ဦး နှင့် ယာဉ်မောင်း၊ စပယ်ယာ တို့ကို ဟားခါးမြို့နယ်အတွင်း ဇူလိုင်လ ၈ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force – Hakha (CDF – Hakha ) မှ ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာဖြင့် ဖလမ်းမြို့နယ် ဗားရ်တံတားသို့ Hilux 9K-1693 နှင့် ကိုစိုးသူပိုင်ဆိုင်သော 1J-6011 Forland ကားတို့ဖြင့် သယ်ယူလာသည့် စိတ်ကြွဆေးပြား ၃သန်းခန့်၊ No. 4 ခေါ် ဘိန်းဖြူ ၁၁၀ကီလိုဂရမ်ခန့်၊ မောင်းပြန်သေနတ် ၂ လက်၊ mini starlink(၂)ခုတို့နှင့်အတူ တော်လှန်ရေး ရဲဘော်(၃)ဦး၊ ယာဉ်မောင်း(၁)ဦး နှင့် စပယ်ယာ(၁)ဦးတို့အား Chinland Defense Force – Hakhaမှ ဟားခါးမြို့နယ်အတွင်း ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ရေးတွင် တာဝန်ခံဖြစ်သည့် မောင်ဇော်လတ် အမည်ရင်း ဦးဝင်းမော် နှင့် ကိုပုတီး အမည်ရင်း ဦးကျော်မင်းဇော်တို့ဟာ ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့လည်း CDF – Hakha ကဆိုပါတယ်။
ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများကို ဇူလိုင်လ(၉)ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးထားသူများကိုလည်း တရား ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ CDF – Hakha ထုတ်ပြန်ပါတယ်။
CDF – Hakha အနေဖြင့် ဟားခါးမြို့နယ်အတွင်း မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်း နှင့် သယ်ယူပို့ဆောင်ခြင်းများကို ထပ်မံတွေ့ရှိပါက Chinland Defense Force – Hakhaမှ ထိရောက်စွာ အရေးယူသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။