
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင် Tipa ကျေးရွာမှာ ဇူလိုင်လ ၁၇ ရက်နေ့က စစ်ဘက်ဆိုင်ရာ ပစ္စည်းသယ်လာတဲ့ ကားပေါ်ပါလာလို့ ဖမ်းဆီးခံခဲ့ရတဲ့ Maraland Defense Force ( MTC/ MDF) ရဲ့ ဒုတိယဥက္ကဌ NB Sila မနေ့ ဇူလိုင်လ ၂၉ ရက်နေ့က ပြန်လွတ်လာတယ်လို့ MDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက Chin World Media ကို ပြောပါတယ်။
MTC/ MDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “MDF ဒုတိယခေါင်းဆောင် မနေ့က ပြန်လွတ်လာပါတယ် သူနဲ့အတူ အဖမ်းဆီးခံရသူတွေလည်းပြန်လွတ်လာတယ်လို့ သိရတယ် ဘယ်လိုအခြေအနေရှိလဲဆိုတာကတော့ သတင်းမရသေးဘူး” လို့ပြောပါတယ်။
ချင်းညီနောင်(CB) အဖွဲ့ဝင် Maraland Defense Force ( MTC/ MDF) ရဲ့ ဒုတိယခေါင်းဆောင်ကို စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့အတူ ဇူလိုင်လ ၁၇ ရက်နေ့မှာ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့တို့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ကျည်ကာဦးထုပ်တွေ ကျည်ကာအင်္ကျီတွေ ခဲယမ်းနှင့် စက်သုံးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကားပေါ်လိုက်ပါမိခဲ့လို့ အခုလို ဖမ်းဆီးခံခဲ့ရတယ်လို့ MDF ဘက်က တာဝန်ရှိသူတွေက Chin World Media ကို ကနေဦးတုန်းက ပြောထားပါတယ်။