Headlines

ချင်းပြည်နယ်မှ ပညာရေး ဝန်ထမ်း ၂ ထောင်နီးပါး ထပ်မံ ထုတ်ပယ်ခံရကြောင်း CHRO မှ ဖော်ပြ

ဇူလိုင်လ ၂၃ ရက်။

အာဏာသိမ်းစစ်ကောင်စီက ချင်းပြည်နယ် အတွင်းရှိ အခြေခံပညာကျောင်း နှင့် ရုံးများမှ အကြောင်းမဲ့ နှင့် ခွင့်မဲ့ ပျက်ကွက် နေတဲ့ သင်ကြား/စီမံ အရာထမ်း နှင့် အမှုထမ်း ၁၉၃၉ ဦးကို နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ နဲ့ အညီ ထုတ်ပယ်လိုက်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) ရဲ့ ဇူလိုင်လ ၂၂ ရက် ဖော်ပြချက် အရ သိရှိရပါတယ်။

CHRO မှ ရရှိတဲ့ အချက်အလက်များ အရ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ရှိ အခြေခံပညာဦးစီးဌာန ၏ အရာထမ်း ၂၅ ဦး နှင့် အမှုထမ်း ၂၇၇၀ ဦးကို ထုတ်ပယ် မည်ဖြစ်ပြီး အဆိုပါစာရင်းအရ ချင်းပြည်နယ် မှ အရာထမ်း ၂၃ ဦး နှင့် အမှုထမ်း ၁၉၁၆ဦး ပါရှိခဲ့တာ တွေ့ရှိခဲ့ရ ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ကောင်စီမှ အာဏာသိမ်းလိုက်တဲ့ အတွက် ချင်းပြည်နယ်မှာ အစိုးရ ဝန်ထမ်း စုစုပေါင်း ၂ သောင်းကျော် ရှိသည့် အနက် ၁၄,၅၉၁ ဦးက CDM ပြုလုပ်ခဲ့ ပါတယ်။

“တိုက်ပွဲတွေ ဖြစ်လာတယ်။ အယူအဆတွေ ကွဲတာလည်း ပိုပြင်းထန် လာတယ်။ အလုပ်လုပ်ဖို့ ဘယ်လိုမှ စိတ်မပါနိုင်တော့ဘူး။ ကြားထဲမှာ မြို့သိမ်း တိုက်ပွဲတွေ ဖြစ်လာတော့ ကျွန်ုပ်လို ဝန်ထမ်း တော်တော်များများ က ဘာ စာမှ တင် မနေတော့ဘဲ အဆင်ပြေရာမှာ အဆင်ပြေ သလို သွားပြီး နေလိုက် ကြတာများ တယ်။ အဲဒီ စာရင်းတွေ ပြန်လည် စီစစ်တာလည်း ဖြစ်နိုင်ပါတယ်” လို့ တာဝန် ထမ်းဆောင်ရာ ကနေ တခြား နေရာသို့ စစ်ရှောင်ပြီး တာဝန် မထမ်းဆောင်တော့တဲ့ ချင်းပြည်နယ်မှ ပညာရေး ဝန်ထမ်း တစ်ဦး က ပြောကြား ခဲ့ပါတယ်။

ချင်းပြည်နယ်မှာ အခြေခံပညာကျောင်းပေါင်း ၁၅၅၁ ကျောင်း ရှိခဲ့ရာမှ ၂၀၂၅-၂၆ ပညာသင်နှစ် မှာ ကျောင်းပေါင်း ၈၀ ခန့်သာ ဖွင့်လှစ် နိုင်ခဲ့တယ် လို့ ချင်းပြည်နယ်၏ အခြေခံ ပညာရေး ကို လေ့လာ နေသူ တစ်ဦး ထံမှ သိရှိခဲ့ရ ပါတယ်။

လက်ရှိ ချင်းပြည်နယ်မှာ မြို့နယ် ၉ မြို့နယ်ရှိတဲ့အနက် ဟားခါးနဲ့တီးတိန်မြို့ကိုသာ စစ် ကောင်စီကထိန်းချုပ်ထားနိုင်ပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *