Headlines

ချင်းပြည်နယ်ကနေ ၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ ၁၁၀ ဦးရှိ

ဇူလိုင်လ ၂၇ ရက်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းကို ဇူလိုင်လ ၂၇ မနက် ၄ နာရီတွင် စတင် ကြေငြာခဲ့ရာ ချင်းပြည်နယ်ကနေ စာမေးပွဲ အောင်မြင်သူ ၁၁၀ ဦး ရှိပြီး ဂုဏ်ထူး ရရှိသူ မရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ၏ အောင်စာရင်း ထုတ်ပြန်ချက် အရ သိရှိခဲ့ရ ပါတယ်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ချင်းပြည်နယ်ကနေ အထက(၁) ဟားခါး နှင့် အထက(၁) တီးတိန် စတဲ့ စာစစ်ဌာန နှစ်ခု မှာ ကျင်းပ နိုင်ခဲ့ပြီး ဖြေဆိုသူ ၄၀၈ ဦး မှာ အောင်မြင်သူ ၁၁၀ဦး နဲ့ အောင်ချက် ရာခိုင်နှုန်း ၂၆.၉၆ %သာ ရှိတာကြောင့် အောင်ချက် အနည်းဆုံး ပြည်နယ် ဖြစ်ခဲ့ရ ပါတယ်။

အထက(၁)ဟားခါး စာစစ်ဌာနကနေ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ ၃၅ ဦး ရှိပြီး အထက (၁) တီးတိန် စာစစ်ဌာနကနေ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ ၇၅ ဦး ရှိခဲ့ကြောင်း စာစစ်ဦးစီးဌာန၏ အောင်စာရင်း ထုတ်ပြန်ချက် အရ တွေ့ရှိခဲ့ရ ပါတယ်။

ငလျင်ဘေးကြောင့် တက္ကသိုလ်ဝင် စာမေးပွဲကို ဇွန်လ ၁၆ နေ့မှာ ပြန်လည်ဖြေဆိုခဲ့ရတဲ့ ကလေးမြို့နယ် မှာတော့ စာစစ်ဌာန ၃ ခုကနေ ၁၀၈၆ ဦး က ပြန်လည်ဖြေဆိုခဲ့ပြီး ၆၂၀ ဦးက အောင်မြင်ကာ ဘာသာစုံဂုဏ်ထူးရှင် နှစ်ဦး ရှိခဲ့ကြောင်း စာစစ်ဦးစီးဌာနရဲ့ အောင်စာရင်း ထုတ်ပြန်ချက် အရ တွေ့ရှိရ ပါတယ်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကနေ ကျောင်းသားပေါင်း ၂၀၇,၈၉၈ ဦး က ဖြေဆိုခဲ့ပြီး ၉၉,၉၂၄ ဦး အောင်မြင်ခဲ့ကာ တစ်နိုင်ငံလုံး အောင်ချက် ၄၈.၀၆% ရှိကြောင်းလည်း စာစစ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်များ အရ သိရှိရ ပါတယ်။

၂၀၂၄ ခုနှစ်မှာ ချင်းပြည်နယ်ကနေ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ ၄၃၅ ဦး ရှိပြီး ၃၃၈ ဦး အောင်မြင်ခဲ့ တာကြောင့် ၄၀၈ ဦးသာ ဖြေဆိုပြီး ၁၁၀ ဦးသာ အောင်မြင်တဲ့ ၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲဟာ ချင်းပြည်နယ် အတွက် ဖြေဆိုသူရော၊ အောင်မြင်သူပါ အနည်းဆုံး ဖြစ်လာခဲ့ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *