


ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်းကြား ၂၀၂၄ ခုနှစ်ကစလို့ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ဗျူဟာမြောက် အရေးပါတဲ့ နေရာတွေကို အပြန်အလှန် စစ်မျက်နှာဖွင့်တိုက်ခိုက်ကြတဲ့ ပဋိပက္ခဖြစ်စဉ်မျိုး ၁ နှစ်ကျော်အတွင်း ၈ ကြိမ်ထက်မနည်းဖြစ်ခဲ့တယ်လို့ ပဋိပက္ခ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာလေ့လာမှုတွေကို သုတေသနပြုလုပ်နေတဲ့ ISP – Myanmar ရဲ့ ဒီကနေ့ ဇူလိုင်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ “အက်ကြောင်းပိုနက်လာသော ချင်းတော်လှန် ရေးတပ်ဖွဲ့များ ” စာတမ်းမှာ ဖော်ပြထားပါတယ်။
ချင်းပြည်တွင် CNF/CNA အပြင် ချင်းလက်နက်ကိုင်တပ် ၂၀ ကျော်ရှိသည်။ ထိုအဖွဲ့များမှာ ၂၀၂၃ ခုနှစ်အထိ ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) အောက်၌ ပူးပေါင်းခဲ့ကြသည်။ မျိုးနွယ်စု ကွဲပြားမှုနှင့် နိုင်ငံရေးစုဖွဲ့ပုံ မတူကြ၍ ၂၀၂၄ ခုနှစ်တွင် ချင်းပြည်ကောင်စီ (CC)နှင့် ချင်းညီနောင် (CB) ဟူ၍ မဟာမိတ်နှစ်ဖွဲ့ ကွဲသွားသည်။ ထိုနှစ်ဖွဲ့တွင် မပါဘဲ သီးခြား ရပ်တည်သော အဖွဲ့များလည်း ရှိသည်။ ချင်းပြည်နယ်ရှိ နယ်မြေ ၈၀ ရာခိုင်နှုန်းခန့်ကို မဟာမိတ်နှစ်ဖွဲ့၏ တပ်များက ထိန်းချုပ်ထားသည် လို့ အခြေအနေ ဦးတည်ချက် (Status/trends) အဖြစ် ISP – Myanmar က သုတေသန ပြုလုပ်တဲ့ စာတမ်းမှာဖော်ပြပါတယ်။
ချင်းပြည်ကောင်စီ ( CC) က မြို့ ၆ မြို့နှင့်ချင်းညီနောင်မဟာမိတ် ( CB) အဖွဲ့က မြို့ ၈ မြို့တို့ကို သိမ်းယူခဲ့ပြီးနောက် ချင်းပြည်နယ်ရှိ နယ်မြေ ၈၀ ရာခိုင်နှုန်းခန့်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပေမယ့် မဟာမိတ်မတူကြတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအကြား ၂၀၂၄ ခုနှစ် ကစလို့ ပဋိပက္ခတွေဖြစ်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ တပ်ရင်းဌာနချုပ်တွေကိုပါ ဝင်ရောက်ခိုက်ခြင်း ၊ ဗျူဟာမြောက်အရေးပါတဲ့ နေရာတွေကို အပြန်အလှန် စစ်မျက်နှာဖွင့် တိုက်ခိုက်ခြင်းတွေအထိ ဖြစ်လာတယ်လို့လည်း ISP – Myanmar က ဆိုပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF/CNA) နှင့် ချင်းကာကွယ်ရေးတပ်-ဟွားလ်ငိုးရမ် (CDF- Hualngoram) တို့ သိမ်းယူကာ ပြည်သူ့အုပ်ချုပ်ရေး ပူးတွဲလုပ်နေသော ရိခေါ်ဒါရ်မြို့ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၅ ရက်တွင် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF)က ဝင်တိုက်ခဲ့သည်။ ထိုနေ့မှာပင် CNF/CNA က CNDF ဌာနချုပ်ကို ဝင်သိမ်းပြီး တပ်ပြန်ဆုတ်ခဲ့သည်။ ချင်းတပ်များအကြား ထိုကဲ့သို့ အပြန်အလှန် ပဋိပက္ခဖြစ်ပွားမှု ဖြစ်စဉ်များမှာ တနှစ်ကျော်အတွင်း ရှစ်ကြိမ်ထက်မနည်း ရှိလာတယ်လို့ ISP – Myanmar က သုတေသန ပြုလုပ်တဲ့ စာတမ်းမှာဖော်ပြပါတယ်။
နယ်မြေ ထိန်းချုပ်နိုင်ရေးအတွက် ချင်းတပ်ဖွဲ့များအကြား အားပြိုင်မှုများမှာ ရန်ဘက် အသွင်ဆောင်နေသည်။ တရားဝင် တည်ရှိမှုကို တဖက်နှင့်တဖက် အပြန်အလှန် ထိုးနှက်လျှော့ချ (Mutual Delegitimization) ခြင်းများလည်း ရှိကြသည်။ လက်နက်ခဲယမ်း အပါအဝင် တပ်အင်အားဖြည့်တင်းရန် လိုနေသော ချင်းတပ်ဖွဲ့များအတွက် ရင်းမြစ် အခက်အခဲ ပိုဆိုးစေမည့်အပြင် ချင်းဘုံရည်မှန်းချက် (Collective Goals for Chin) တည်ဆောက်ရေးအတွက်ပါ အဟန့်အတား ဖြစ်နိုင်ခြေရှိသည်။လို့ သက်ရောက်နိုင်ခြေ (Implications)အဖြစ်ISP – Myanmar က သုတေသန ပြုလုပ်တဲ့ စာတမ်းမှာဖော်ပြပါတယ်။
လူမျိုးကွဲများအကြား ဖြစ်သော ပဋိပက္ခများ (Inter-Ethnic Tensions) အပြင် လူမျိုးတူ မျိုးနွယ်စုကွဲများအတွင်း ဖြစ်သည့် ပဋိပက္ခများ (Intra-Ethnic Tensions) ကို ပိုတွေ့လာရပြီး ချင်းပြည်က ဖြစ်စဉ်များကလည်း မီးမောင်း ထိုးနေကာ ထိုပဋိပက္ခများသည် ရှိရင်းစွဲ ပြဿနာများကို ပိုမိုရှုပ်ထွေးစေပါကြောင်း၊အနာဂတ် စစ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးမှုများ၌ မပါမဖြစ် အလေးထားဆွေးနွေးစရာ အကြောင်းအချက်တခုလည်း ဖြစ်လာကြောင်း၊ချင်းတော်လှန်ရေးတပ်ဖွဲ့များအတွက် ရင်းမြစ်အခက်ခဲ ပိုဆိုးစေမည့်အပြင် ချင်းဘုံရည်မှန်းချက် ( Collective Goals for Chin ) တည်ဆောက်ရေးအတွက်ပါ အဟန့်အတား ဖြစ်နိုင်ခြေရှိတယ်လို့ ဆီလျော်မှု (Relevance)အဖြစ် ISP – Myanmar က ဖော်ပြပါတယ်။