Headlines

ချင်းတောင်ခြေ လမ်းပေါ်မှာ စစ်ကောင်စီတပ်စခန်းချထားလို့ ကလေး-သိုင်းငင်း လမ်း အသုံးပြုနိုင်ခြင်း မရှိသေး

ဇူလိုင်လ ၁၈ ရက်။

ဇူလိုင်လ ၁၇ ရက်နေ့ က စပြီး ဒေသတွင်း ချင်းလက်နက်ကိုင်အဖွဲ့ CDF-CDM-Siyin မှ ကလေး-သိုင်းငင်း လမ်းပိုင်းကို ပြန်လည် အသုံးပြုခွင့် ပြုထားသော်လည်း ချင်းတောင်ခြေ ခိုင်ကမ်းမြို့ အလွန် ကလေး-သိုင်းငင်း လမ်း အစပိုင်း တလျှောက်မှာ စစ်ကောင်စီ စစ်သားများ စခန်းချ နေရာယူ နေခြင်းကြောင့် အများပြည်သူများ အနေဖြင့် အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း ကလေးမြို့ ဒေသခံများထံမှ သိရှိရပါတယ်။

“ခိုင်ကမ်း စစ်ဆေးရေး ဂိတ်ကနေ လမ်း ပိတ်ထားတာမျိုး မရှိပါဘူး။ ဖြတ်သွားလို့ ရတယ်။ ဒါပေမယ့် သိုင်းငင်းဘက် တက်မယ် ဆိုရင်တော့ ခွင့်မပြုဘူး။ ချင်းဒေသကာကွယ်ရေးတပ်တွေ လမ်းပြန်ဖွင့်တော့ စကစ ဘက်က ပြန်ပိတ်တဲ့ သဘောပါ။ သိုင်းငင်းလမ်းက လွဲပြီး တခြားလမ်းတွေတော့ ပိတ်တာမျိုး မရှိပါဘူး” လို့ ကလေးမြို့ ဒေသခံ တစ်ဦးက ပြောပြပါတယ်။

အခုလို ကလေး-သိုင်းငင်းလမ်းကို စစ်ကောင်စီ ဘက်မှ အသုံးပြုခွင့် မပြုတာဟာ ခိုင်ကမ်းမြို့ ကနေ ချင်းတောင်ပေါ်ဘက် ငါးမိုင် ခန့် အကွာ အထိ စစ်ကောင်စီ စစ်တပ်မှ နေရာယူကာ စစ်စခန်း ပြုလုပ် နေခြင်းကြောင့် ဖြစ်နိုင်တယ် လို့လည်း ခရီးသွား တစ်ဦးမှ မှတ်ချက်ပြုခဲ့ ပါတယ်။

“မနေ့က အလောင်းကို တီးတိန်မြို့ ပို့ရမယ့် နာရေး တစ်ခု ကြုံခဲ့ရတယ်။ ဂိတ် တာဝန်ကျ သူတွေဆီ ကလေး-သိုင်းငင်း လမ်းကို ဖြတ်ခွင့် တောင်းခဲ့ကြတယ်။ စစ်ကောင်စီ ဂိတ်တွေက သူတို့ ခွင့်ပြုလို့ တစ်ခုခု ကြုံတွေ့တာမျိုး မဖြစ်စေချင်ဘူး ဆိုပြီး လုံးဝ ခွင့်မပြုခဲ့တော့ ပိမ်းပိ ကွင်းလမ်း အတိုင်း ခက်ခက်ခဲခဲ အလောင်းကို တီးတိန် ပို့ခဲ့ရတယ်” လို့လည်း နာရေး ကြုံခဲ့ရတဲ့ အသိုင်းအဝိုင်းထံမှ သိရှိခဲ့ရ ပါတယ်။

ကလေး တက္ကသိုလ် မုခ်ဦး ရှေ့ရှိ ကလေးမြို့ ၈မိုင် စစ်ကောင်စီစစ်ဆေးရေးဂိတ် ကနေ ခရီးသွားတွေကို တင်းကျပ်စွာ စစ်ဆေးနေပြီး ဆိုင်ကယ်သမားတွေ အနေနဲ့ လိုင်စင် အပါအဝင် ပြစ်ချက် တစ်ခုခု တွေ့ရှိပါ အနည်းဆုံး ကျပ် ၃ သောင်း နဲ့ အထက် ဒဏ်ကြေးဆောင်ခိုင်း နေတယ် လို့လည်း ကလေးမြို့ ဒေသခံများ ထံမှ သိရှိရပါတယ်။

ကလေး-ခိုင်ကမ်း-သိုင်းငင်းလမ်းကို ပြီးခဲ့တဲ့ မေလ ၁၉ နေ့ မနက်မှာ စစ်ကောင်စီတပ် ချင်းတောင်ပေါ် စစ်ကြောင်းထိုးပြီးနောက် ခိုင်ကမ်းရဲစခန်းမှ ချင်းတောင် အတက်ကား အားလုံးကို ပိတ်ဆို့ခဲ့ပြီး မေလ ၂၀ ရက်နေ့ က စလို့ CDF-CDM-Siyin မှ လည်း စစ်ရေး အခြေအနေ အရ ကလေး-သိုင်းငင်း လမ်းကို ယာယီ ပိတ်လိုက်ကြောင်း ကြေငြာ ခဲ့ရာမှ ၁ လ ကျော်အကြာမှာ ဇူလိုင်လ ၁၇ ရက်နေ့ ကစပြီး လမ်း ပြန်လည် အသုံးပြုနိုင်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း လက်ရှိအချိန်မှာ ချင်းတောင်ခြေလမ်းပေါ်ရှိ စစ်ကောင်စီဂိတ်များမှ ပြန်လည် ပိတ်ဆို့လိုက်ခြင်းကြောင့် ခရီးသွားပြည်သူများ ၂ လခန့် ကြာသည် အထိ ပြန်လည် အသုံးပြုနိုင်ခြင်း မရှိသေးပေ။

Leave a Reply

Your email address will not be published. Required fields are marked *