
ဇူလိုင်လ ၂၁ ရက်။
ချင်းတော်လှန်ရေးအင်အားစုများအကြားဖြစ်ပွားလျက်ရှိသည့်အမြင်မတူမှု၊သဘောထားကွဲလွဲမှု၊ ပဋိပက္ခတို့နှင့်ပတ်သက်ပြီးအချင်းချင်းအကြား လက်နက်ကိုင်လမ်းစဉ်ဖြင့်အပြန်အလှန်တိုက်ခိုက်ခြင်းအားဖြင့် မဟုတ်ဘဲချင်းဟူသည့်အမည်နာမအောက်တွင် ညီအစ်ကိုဖြစ်ခြင်းကိုအခြေခံကာနိုင်ငံရေးနည်းလမ်းဖြင့် စားပွဲပေါ်တွင်အဖြေရှာကြပါရန် ချင်းမျိုးနွယ်စုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၅ ဖွဲ့ဖြစ်တဲ့ ZZLMS တို့က ဇူလိုင်လ ၂၀ ရက်နေ့က တိုက်တွန်းကြောင်း ပူးတွဲထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ်အလယ်ပိုင်း ဟားခါး၊ထန်တလန်၊မတူပီမြို့နယ်တွေမှာ အခြေစိုက်တဲ့ CDF-Zotung, CDF-Zophei, CDF-Lautu, CDF-Mara နှင့် Senthang Revolution Force တပ်ဖွဲ့တွေစုစည်းထားတဲ့ ZZLMS အဖွဲ့က အခုလို ပူးတွဲထုတ်ပြန်ထားတာဖြစ်ပါတယ်။
ယခုတလောတွင်ချင်းပြည်(Chinland) အတွင်းဖြစ်ပွားလျက်ရှိသည့်တချို့သောအမြင်မတူမှု၊ သဘောထား ကွဲလွဲမှု၊ ပဋိပက္ခတို့နှင့်ပတ်သက်၍ မိမိတို့ချင်းတော်လှန်ရေးအင်အားစုများအကြား လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြေရှင်းကြပြီးအဖိုးတန်လှသည့် ချင်းတော်လှန်ရေးရဲဘော်များဆုံးရှုံးမှုရှိသည့်အပြင် စစ်ဘေးဒဏ်ကြောင့် ပြည်သူများသည်လည်းဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ကြသည်ကိုစိတ်မကောင်းစွာတွေ့ရှိရတယ်လို့လည်း ZZLMS က ထုတ်ပြန်ထားပါတယ်။
ဒီလိုအချင်းချင်းအကြားလက်နက်ကိုင်လမ်းစဉ်ဖြင့်အပြန်အလှန်တိုက်ခိုက်ခြင်းသည်ဘုံရန်သူဖြစ်သည့် စစ်ကောင်စီဖြစ်စေချင်သည့်အတိုင်းလုပ်ဆောင်ပေးခြင်း၊ တော်လှန်ရေးကိုနှောင့်နှေးစေခြင်း၊ ပြည်သူများကို စိတ်ပျက်စေခြင်း၊ စိတ်ဝမ်းကွဲမှုကိုဖြစ်ပေါ်စေခြင်းစသည်တို့ကိုဦးတည်စေသည့်လုပ်ရပ်ဖြစ်သည်ဟုလည်း ဆိုပါတယ်။
မိမိတို့လက်နက်ကိုင်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ ဘုံရန်သူဖြစ်သည့်စစ်ကောင်စီနှင့်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတို့သာဖြစ်တယ်လို့လည်း ZZLMS က ထုတ်ပြန်ထားပါတယ်။