
ကျဆုံးလေပြီးသော အာဇာနည်ပေါင်းကို အမှတ်ရ တိုင်တည်ပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝအာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်တဲ့အထိ ဘုံရည်မှန်းချက်တူ မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ချင်းအမျိုးသားတပ်ဦး(CNF) က သဝဏ်လွှာပေးပို့ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ဟာ တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းနေခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်း အပါအဝင်လူပုဂ္ဂိုလ်(၉)ဦးကို မသမာသူ လူတစုက ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ နေ့ရက်ကို အောက်မေ့အမှတ်ရခြင်း (၇၈) နှစ်မြောက် အာဇာနည်နေ့ ဖြစ်တဲ့ကြောင်းနှင့် (၇၈) နှစ်မြောက် အာဇာနည်နေ့ကို အလေးအမြတ်ထားပြီး အထိမ်းအမှတ် အခမ်းအနား ပူးပေါင်းကျင်းပ ပြုလုပ်ပေးသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြလိုကြောင်းကိုလည်း CNF ရဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့၌ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော အာဇာနည် (၉) ဦးသာမက လွတ်လပ်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြသောအာဇာနည်များနှင့် လွတ်လပ်ရေး အလွန် နှစ်ပေါင်း(၇၅)နှစ်ကျော်ကာလအတွင်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် အသက်ပေးလှူခဲ့ကြသောအာဇာနည်အပေါင်းကို ဂုဏ်ယူအောက်မေ့လျက် ဦးညွတ်အလေးပြု တယ်လို့လည်း ဆိုပါတယ်။