
ကလေးမြို့အထွက်ရှိ စစ်ကောင်စီ ဂိတ်များမှ ချင်းပြည်နယ်သို့ ဆန် သယ်ယူခွင့်ကန့်သတ်မှု ၁၁ လ ပြည့်ပြီ ဖြစ်သော်လည်း တရားဝင် ပြန်လည် သယ်ဆောင်ခွင့်ပြုတာမျိုး မရှိသေးဘူး လို့ ကလေးမြို့နေ ဆန်အရောင်းအဝယ် ပြုလုပ်သူ တစ်ဦး ထံမှ သိရှိခဲ့ရ ပါတယ်။
ကလေးမြို့ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များ ကနေ စားသောက်ကုန် ပစ္စည်းတွေ သယ်ဆောင်ခွင့်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့ ကနေ စပြီး ပိတ်ပင် ကန့်သတ် ခဲ့တာ ဖြစ်ပြီး တချို့ ပိတ်ပင်ချက်တွေ ပြန်လည် လျော့ပေါ့ ပေးခဲ့သော်လည်း ဆန် သယ်ဆောင်မှုကို မူ ဆက်လက် ကန့်သတ် ခဲ့တာ ဖြစ်တယ် လို့လည်း ဆန်အရောင်းအဝယ် ပြုလုပ်သူထံမှ သိရှိခဲ့ရ ပါတယ်။
“မနှစ်ကဆို ဆန်နဲ့ပတ်သက်ရင် အိတ် အပြည့် တင်ရင် ပြန်ချ ရတယ်။ တချို့ ကုန်ကားတွေဆို ပြန်လှည့် ခဲ့ရတယ်။ ခရီးသည်တင် ယာဉ်တွေ ဆိုရင် ဆန်အိတ်ကို ချခိုင်းပြီး ဂိတ်ကို ပြန်ယူခိုင်းတာတွေ အထိ လုပ်ခဲ့တယ်။ နောက်ပိုင်း ကျတော့ ဂိတ်ကြေးတောင်းပြီး သယ်ဆောင်သွားတာမျိုးတွေ ရှိလာတယ်။ အခုထိ တရားဝင် ခွင့်ပြုပေးတာမျိုး မရှိသေးဘူး” လို့ ချင်းတောင်ကို ပြေးဆွဲသည့် ယာဉ်လုပ်သား တစ်ဦးက ပြောကြား ခဲ့ပါတယ်။
ဆန် သယ်ဆောင်မှုနဲ့ ပတ်သက်ပြီး ချင်းတောင် ကျေးလက် ဒေသကို ပြေးဆွဲသည့် ကုန်တင် ယာဉ်မောင်း တစ်ဦးကတော့ “ကားအပြည့်နဲ့ ဆန်သယ် သွားတာမျိုးတော့ မခွင့်ပြုဘူးလို့ ပြောရမှာပဲ။ ရွာကို ပို့မယ့် ဆန်တင် ကားတစီး ဆို ဆန် နဲ့ ကားပါ သိမ်းမယ် လုပ်တော့ အတော် ညှိနှိုင်းပြီး ကားရော ဆန်ရော ပြန်လွတ်သွားတယ်။ ဆန်တော့ ချင်းတောင် ကို သယ်ခွင့် မပြုခဲ့ဘူး။ ဖြစ်ပျက်တာက လပိုင်းပဲ ရှိသေးတယ်” လို့ ဆိုပါတယ်။
ယခုနှစ် မေလ ၁၉ ရက်နေ့က စပြီး ချင်းတောင်ပေါ်သို့ စစ်ကောင်စီ စစ်တပ်များ စစ်ကြောင်းထိုး ချီတက်ခဲ့တာကြောင့် ကလေး-ခိုင်ကမ်း-သိုင်းငင်းလမ်းမကြီးဟာ ၂ လကျော် ကြာလာသည် အထိ ပြန်လည် အသုံးပြု နိုင်ခြင်း မရှိသေးဘဲ ရွာချင်း ဆက် ကွင်းလမ်းများ နှင့် ကလေး-ဝေဘူလ-ဘားရ် တံတား လမ်းကို အသုံးပြု ခဲ့ခြင်းကြောင့် ကုန်စည် သယ်ဆောင်စရိတ် ပိုမို ကြီးခဲ့ရတယ် လို့လည်း ကုန်တင်ယာဉ် လုပ်သားတစ်ဦး က ပြောကြား ခဲ့ပါတယ်။
“မေလ ကုန်ပိုင်းမှာ မိုးတွေ စရွာလာတော့ ခိုင်ကမ်း-ပိမ်းပိ လမ်း က မြေသားလမ်း ဖြစ်တယ်။ ရွံထူတယ်။ ကုန်တင်ကားတွေ သွားလို့ မရတော့ဘူး။ ဝေဘူလ လမ်းကိုပဲ ကုန်စည် သယ်ဆောင်ဖို့ အသုံးပြုခဲ့ရတယ်။ ခရီးပို ရှည်တော့ တန်ဆာခလည်း ပိုကုန်ကျခဲ့တယ်” လို့ ကုန်တင်ယာဉ်လုပ်သား က ရှင်းပြခဲ့ ပါတယ်။
လက်ရှိမှာတော့ ကလေးမြို့နဲ့ အနီးဆုံး ချင်းတောင်ရှိ မြို့ တစ်ခု ဖြစ်တဲ့ တီးတိန်မြို့ကို ဆန်တစ်အိတ် အရောက် ပို့ နိုင်ဖို့အတွက် တန်ဆာခ အပါအဝင် ကုန်ကျစရိတ် က အနည်းဆုံး ကျပ် ငါးသောင်း အထိ ကုန်ကျလာတယ် လို့လည်း ဆန်ရောင်းဝယ်သူများ ထံမှ သိရှိခဲ့ရ ပါတယ်။
“ဆန် တမျိုးထဲကို ကား အပြည့်တင်တာမျိုးက တော့ လုံးဝ မရဘူး။ တခြားကုန်တွေနဲ့ ရောတင်ရတယ်။ စကစ အပါအဝင် လမ်းမှာ ရှိတဲ့ ဂိတ် အသီးသီးကို ဂိတ်ကြေးပေးရတယ်။ ညှိနှိုင်း ရတယ်။ အဲလိုနဲ့ တီးတိန်ရောက်တဲ့တော့ ကလေးမြို့မှာ တစ်သိန်း နှစ်သောင်း ခန့်သာ ပေးရတဲ့ ဧရာမင်း ဆန် တစ်အိတ်က တစ်သိန်း ခုနစ်သောင်း ကျော် ပေးခဲ့ရ တယ်” လို့လည်း ဆန်ရောင်းဝယ်သူ မှ ဆက်လက် ပြောကြား ခဲ့ပါတယ်။
အိန္ဒိယ နယ်စပ်ဘက် ကနေ ဆန် အဝင် ရှိသော်လည်း စားနေကျ မဟုတ်သည့် အတွက် ကလေးမြို့ဘက် ကနေ တင်ပို့လာတဲ့ ဆန်ကိုသာ အဓိက ဝယ်ယူ စားသုံး နေရ ဆဲ ဖြစ်တယ် လို့လည်း တီးတိန်မြို့ခံ တစ်ဦးထံမှ သိခဲ့ရ ပါတယ်။
အိန္ဒိယ ဘက်က ဝင်လာတဲ့ ဆန်တွေ က ဈေးပို တန်တယ်။ တစ်တင်း မပြည့်တပြည့် အိတ် တွေက ရှစ်သောင်း လောက် နဲ့ ဝယ်လို့ ရတယ်။ မြန်မာ နိုင်ငံက ဆန်အိတ်တွေ ထက် ပိုကြီးတဲ့ အိတ်လည်း တမျိုးရှိတယ်။ တစ်သိန်း လေးသောင်း နဲ့ ဝယ် လို့ရတယ်။ ဒါပေမယ့် အများစုက ကလေးမြို့ကနေ တင်ပို့လာတဲ့ ဆန်ကိုပဲ ရွေးချယ် စားသုံးကြတယ်” လို့ တီးတိန်မြို့ခံ တစ်ဦး က ပြောပါတယ်။
ကလေးမြို့နဲ့ အနီးဆုံး ချင်းပြည်နယ်ရှိ မြို့ တစ်ခု ဖြစ်တဲ့ တီးတိန်မြို့မှာတော့ လက်ရှိမှာ ကလေးမြို့ နဲ့ အိန္ဒိယ နယ်စပ် နှစ်နေရာ ကနေ စားသောက်ကုန်များ တင်ပို့ နေရတယ် လို့ ထပ်မံ သိရှိခဲ့ရ ပါတယ်။