
ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်မှာ ကလေးမြို့ ကြုံ့သုံးပင်ရပ်ကွက်မှာ နေထိုင်ပြီး Victory Learning Center ကိုယ်ပိုင်ကျောင်း မှာ Grade-4 တက်ရောက် နေတဲ့ အသက် ၁၁ နှစ် အရွယ် Tg Khual Geel Tung (Tungpi) ဟာ နေအိမ်မှာ လေ့ကျင့်ခန်း လုပ်ရာ ကနေ မတော်တဆ ဖြစ်ပြီး သေဆုံးသွားတယ် လို့ VLC ကိုယ်ပိုင်ကျောင်း တာဝန်ခံများ ထံမှ သိရှိရပါတယ်။
“အမှုကတော့ ကျောင်းပြင်ပမှာ ဖြစ်တာပါ။ ကျောင်းဆင်းပြီး အိမ်ပြန်ရောက်တော့ သူ ပုံမှန် လုပ်နေကြ လေ့ကျင့်ခန်းတွေ လုပ်ရင်း မတော်တဆ ဖြစ်ခဲ့တာပါ။ ဘားဆွဲဖို့ ဖိုင်ဘာကြိုး အကြီးတွေနဲ့ တန်းလုပ်ထားတာ။ ကြိုးတန်းကို မမှီတော့ ပြတင်းပေါက် ဘောင်ပေါ်ကနေ ကြိုးကို ကိုင်ပြီး ဘားဆွဲဖို့ ဆင်းတော့ ခြေချော်ပြီး လည်မြိုစေ့ နဲ့ ကြိုးတန်း ထိသွားတယ်။ အဲဒီ အရှိန်နဲ့ ကျတာ နောက်စိနဲ့ ထပ်ကျတော့ ဘယ်လိုမှ ကယ်လို့ မရတော့ဘူးလို့ သိရပါတယ်” လို့ VLC ကိုယ်ပိုင်ကျောင်း တာဝန်ရှိသူ တစ်ဦးက Chin World Media ရဲ့ မေးမြန်းချက်ကို ဖြေကြားပါတယ်။
သေဆုံးသူဟာ မိသားစုနဲ့အတူ တီးတိန်မြို့စစ်ရေး အခြေအနေ မငြိမ်မသက်ဖြစ်နေတာကို ရှောင်တိမ်းရင်း ကလေးမြို့ ကြုံ့သုံးပင်ရပ်ကွက်တွင် ခိုလှုံရင်း ကျောင်းတက်နေတာ ဖြစ်ကြောင်း၊ အလောင်းကို သူ့ဇာတိဖြစ်တဲ့ တီးတိန်မြို့မှာ သဂြိုလ်ဖို့ သယ်ဆောင်သွားခဲ့ ပြီဖြစ်ကြောင်း VLC ကျောင်းတာဝန်ရှိသူ ရဲ့ ပြောကြားချက် အရ ဆက်လက် သိရှိရပါတယ်။
“Tungpi က နာခံတတ်တယ်။ ပြုံးပြုံးရွင်ရွင်နဲ့ သွက်လက် လိမ္မာတဲ့ ကလေးပါ။ ဆရာမရယ် ကျွန်တော် ပန်းချီ ပြိုင်ပွဲမှာ ဝင်ပါမှာနော် လို့ မနေ့က ကျောင်းချိန်မှာ လာပြောသေးတယ်” လို့ VLC ကိုယ်ပိုင်ကျောင်းရဲ့ ဆရာမ တစ်ဦး က မှတ်ချက် ပြုထား ပါတယ်။
Tungpi ရဲ့ သေဆုံးမှု နဲ့ ပတ်သက်ပြီး ကောလဟာလ အမျိုးမျိုး ပျံ့နှံ့မှု နဲ့ ပတ်သက်ပြီး ကျောင်း တာဝန်ရှိသူ ကတော့ “ကျွန်တော်တို့ အခင်း ဖြစ်ဖြစ်ချင်း သွားရောက် ခဲ့တယ်။ အဖေ ဖြစ်သူက လည်း အခင်း ဖြစ်တဲ့ အခြေအနေ နဲ့ နေရာကို ပြသ ပေးခဲ့တယ်။ မတော်တဆ ဖြစ်ပြီး အသက်ဆုံးခဲ့ရတယ် ဆိုတာ ကျွန်တော်တို့ ကိုယ်တိုင် မှတ်ချက် ပြုနိုင်ခဲ့တယ်” လို့ ပြောဆိုခဲ့ ပါတယ်။