Headlines

ကန်ပက်လက်မြို့နယ်အတွင်း ကျူးကျော်ဝင်ရောက် တပ်စွဲထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများရှိခဲ့ရင် ချက်ခြင်းပြန်လည် ရုတ်သိမ်းဖို့ CDF – Kanpetlet အသိပေးထုတ်ပြန်

ဇူလိုင်လ ၁၉ ရက်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း ကျူးကျော်ဝင်ရောက် တပ်စွဲထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများရှိခဲ့ရင် ချက်ခြင်းပြန်လည်ရုတ်သိမ်းပေးဖို့ ကန်ပက်လက်မြို့ကိုထိန်းချုပ်ထားတဲ့ Chin Defense Force – Kanpetlet ( CDF – Kanpetlet) က ဒီကနေ့ဇူလိုင်လိုင်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကန်ပက်လက်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးလိုအပ်ချက်အရ တာဝန်ဖြင့် လှုပ်ရှားသွားလာတဲ့ CDF – Kanpetlet တပ်ဖွဲ့ဝင်တွေကို CDF – Daai ထိန်းချုပ် နယ်မြေအတွင်းကျူးကျော် စစ်ကြောင်းထိုးနေတယ်လို့ Daai Reginal CounciL (DRC) အမည်နဲ့ ဇူလိုင်လ ၁၅ ရက်နေ့က ထုတ်ပြန်တာဟာ မဟုတ်မမှန် ထုတ်ပြန်တာဖြစ်ပြီး CDF – Kanpetlet အနေနဲ့ ကန်ပက်လက်မြို့နယ်အတွင်း လှုပ်ရှားသွားလာနေခြင်းဖြစ်ပြီး အခြားမည်သည့် လက်နက်ကိုင်အဖွဲ့အစည်းရဲ့ ထိန်းချုပ်နယ်မြေသို့ ကျူးကျော်ဝင်ရောက်ခြင်း မရှိဘူးလို့လည်း CDF – Kanpetlet ကထုတ်ပြန်ထားပါတယ်။

CDF – Kanpetlet တပ်ဖွဲ့အနေနဲ့ ကန်ပက်လက်မြို့နယ်တစ်ခုလုံးကို အပြည့်အဝကိုယ်စားပြုတဲ့ တပ်ဖွဲ့ဖြစ်တာကြောင့် မြို့နယ်အတွင်းရှိ ဘယ်နေရာကိုမဆို လိုအပ်သလို ဆက်လှုပ်ရှားမှာဖြစ်ပြီး အခြားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုခုမှ ကျူးကျော်ဝင်ရောက် နှောက်ယှက်ပါက ကျူးကျော်ဝင်ရောက် အနှောက်ယှက်ပေးတဲ့ အဖွဲ့အစည်းက အပြည့်အဝ တာဝန်ယူရမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကန်ပက်လက်မြို့နယ်အတွင်း CDF – Kanpetlet ခွင့်ပြုချက်မရှိဘဲ အခြားလက်နက်ကိုင်အဖွဲ့အစည်း မရှိစေရဆိုတဲ့ မူဝါဒကို အခိုင်အမာချမှတ်ပြီး စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့ကာ ကျင်ဒွေးမြို့အပါအဝင် ကန်ပက်လက်မြို့နယ်တစ်ခုလုံးကို ချင်းညီနောင်စစ်ဆင်ရေး ( Operation CB) အမည်ဖြင့် ၂၀၂၄ ခုနှစ်အတွင်း အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အခြားသော ချင်းညီနောင်စစ်ဆင်ရေး ( Operation CB) မြို့သိမ်းတိုက်ပွဲတွေမှာလည်း အစွမ်းကုန်ပါဝင်တိုက်ပွဲဝင်လျက်ရှိတယ်လို့ CDF-Kanpetlet အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *