
ဇွန်လ ၉ ရက်။
ဦးဘွာလ်ဆိုင်လို ခေါင်းဆောင်တဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီ ( New Chinland Congress Party )က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးဖို့ လျှောက်ထားတယ်လို့ ဇွန်လ ၉ ရက်နေ့မှာ စစ်ကောင်စီထိန်းချုပ်တဲ့ MRTV သတင်းဌာနက ဖော်ပြထားပါတယ်။
မေလ ၂၆ ရက်နေ့က ပါတီတည်ထောင်ခွင့်ရရှိထားတဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC)က ပါတီတည်ထောင်ခွင့်ပြုတဲ့နေကစလို့ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေပါတီများမှတ်ပုံတင်ခြင်း နည်းပဒေ ၇ နဲ့အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးဖို့ လျှောက်ထားလာတာလို့ ဖော်ပြထားပါတယ်။
မှတ်ပုံတင်ခွင့်ပြုဖို့ လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၁၆ ပါတီထဲကနေ ပါတီ ၁၄ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်ပါတီတွေကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
ချင်းပြည်သစ်ကွန်ဂရက်(NCC)ပါတီကို ဦးဆောင်တဲ့ ဦးဘွာလ်ဆိုင်လို အကြောင်းကို Chin World Media မှ မေးမြန်းစုံစမ်းနေဆဲဖြစ်ပါတယ်။
ယနေ့အချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီတည်ထောင်ခွင့်လျှောက်ထားလာတဲ့ အဖွဲ့ ၂၇ ရှိပြီဖြစ်ပြီး အဲဒီထဲကနေ နိုင်ငံရေးပါတီ ၁၇ ပါတီကို ပါတီတည်ထောင်ခွင့်ပြုထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ မှာ ကျင်းပဖို့ပြင်ဆင်နေတဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ချင်းပြည်နယ်ကိုယ်စားပြုပြီး ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ ဇိုမီးအမျိုးသားပါတီ၊ ခူမီးအမျိုးသားပါတီတို့က ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။

