Headlines

အိန္ဒိယဥပဒေ ကိုမလိုက်နာပဲ နယ်စပ်ကိုဖြတ်ကျော်တဲ့ မြန်မာဒုက္ခသည်များရဲ့ မှတ်ပုံတင်များသိမ်းဖို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် စဉ်းစားလာ

ဇွန်လ ၂၈ ရက်။

အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်စပ်ကိုထပ်ခါတလဲလဲ ဖြတ်ကျော်ပြီး အိန္ဒိယဥပဒေများကို ချိုးဖောက်နေတဲ့ မြန်မာဒုက္ခသည်များရဲ့ မှတ်ပုံတင်များကို သိမ်းဆည်းရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က စဉ်းစားလာနေတယ်လို့ ဇွန်လ ၂၇ ရက်နေ့က India Today သတင်းဌာနမှာဖော်ပြပါတယ်။

ဇွန်လ (၂၆) ရက်၊ ကြာသပတေးနေ့က မီဇိုရမ်ပြည်နယ်၊အိုင်ဇောလ်မြို့မှာ ပြုလုပ်ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပူးတွဲအတွင်းဝန်၊ ပြည်ပရောက်လုပ်သားများအကာအကွယ်ပေးရေး ညွှန်ကြားရေးမှူးချုပ် ဆူရင်ဒါ ဘာဂတ် (Surinder Bhagat) တို့နဲ့ ပြုလုပ်တဲ့ အဆင့်မြင့်အစည်းအဝေးတစ်ခုအတွင်း ပြည်နယ်ဝန်ကြီးချုပ် Lalduhoma က ဒုက္ခသည်အချို့ရဲ့ အပြုအမူများအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး မှတ်ပုံတင်များသိမ်းဆည်းရေးကိစ္စကိုလည်း စဉ်းစားနေတယ်လို့ဆိုပါတယ်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က “ဒုက္ခသည်အများအပြားဟာ ဥပဒေကို လိုက်နာကြပေမယ့်လည်း၊ လက်ရှိအကျပ်အတည်းကို အခွင့်ကောင်းယူကာ မြန်မာနဲ့ နယ်စပ်ကို ဖြတ်ကျော်သွားလာနေသူများလည်း ရှိနေတယ်” လို့ ပြည်နယ်ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်က “ပေးထားတဲ့ ခိုလှုံရာနေရာကို အလွဲသုံးစားပြုလုပ်သူများကို ၎င်းတို့ရဲ့ မြန်မာနိုင်ငံထုတ် မှတ်ပုံတင်စာရွက်စာတမ်းများကို သိမ်းဆည်းခြင်းအပါအဝင် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်” လို့လည်း ယခင်က သတိပေးခဲ့ဖူးပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်က မီဇိုရမ်တွင် ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်များ၏ ဇီဝဆိုင်ရာအချက်အလက် (biometric) မှတ်ပုံတင်ခြင်းကို ဇူလိုင်လတွင် စတင်ရန် မျှော်မှန်းထားကြောင်းလည်း ထပ်မံအသိပေးခဲ့သလို ဤလုပ်ရပ်ဟာ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် သိသိသာသာ ဝင်ရောက်လာခဲ့တဲ့ ပြည်နယ်တွင်းရှိ ဒုက္ခသည်များကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲရန်နဲ့ စောင့်ကြည့်ရန် ရည်ရွယ်တာဖြစ်တယ်လို့ဆိုပါတယ်။

အစည်းအဝေးတွင် အချို့အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများမှ တရားမဝင် ပြည်ပအလုပ်အကိုင် ရှာဖွေပေးခြင်း ကိစ္စကိုလည်း ဆွေးနွေးခဲ့ပြီး ၎င်းအေဂျင်စီများသည် လူငယ်များကို သင့်လျော်သော ခွင့်ပြုချက်မရှိဘဲ နိုင်ငံရပ်ခြားသို့ စေလွှတ်နေခြင်းများရှိနေခဲ့ကြောင်း၊ ပြည်နယ်အစိုးရသည် ထိုသို့ အေဂျင်စီများရဲ့ လိုင်စင်များကို ရုပ်သိမ်းခဲ့ပြီးဖြစ်ကြောင်းနှင့် ဥပဒေအရ အရေးယူဆောင်ရွက်မှုများ စတင်ရန်အတွက် ပြည်ပရောက်လုပ်သားများ အကာအကွယ်ပေးရေး ညွှန်ကြားရေးမှူးချုပ်ထံမှ တရားစွဲဆိုခွင့် အမိန့်များကို တောင်းခံခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။

ညွှန်ကြားရေးမှူးချုပ် ဆူရင်ဒါ ဘာဂတ် (Surinder Bhagat) က ပြည်သူများ သတိထားရန် တိုက်တွန်းရင်း ပြည်ပတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေရာတွင် လိမ်လည်မှုနဲ့ ခေါင်းပုံဖြတ်မှုများရဲ့ သားကောင်မဖြစ်စေရန် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ၏ ယုံကြည်စိတ်ချရမှုကို ဦးစွာစစ်ဆေးရန် အကြံပြုဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *