
အသက် (၄၅) နှစ်အောက် မရာပြည်သူတိုင်းချွင်းချက်မှလွဲ၍ စစ်မှုထမ်းရန် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MTC/MDF)ရဲ့ တတိယအကြိမ် မရာပြည်သူ့ညီလာခံသက်တမ်း ပထမအကြိမ် ပုံမှန်ဗဟိုအစည်းအဝေးက အတည်ပြုဆုံးဖြတ်ကြောင်း ဇွန်လ (၅) ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မရာပြည်သူ့ ညီလာခံကို မေလ (၃၀) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ MTC/MDF ၏ထိန်းချုပ်နယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း/ပြည်ပမှ ဗဟိုကော်မတီဝင်များ၊ CDM အစုအဖွဲ့များ၊ အမှုဆောင်စီမံအုပ်ချုပ်ရေးကော်မတီဝင်များ၊ ဗဟိုတရားသူကြီးအဖွဲ့ဝင်များ၊ ကာကွယ်ရေးတပ်ဖွဲ့မှ ကိုယ်စားလှယ် ဗဟိုကောင်စီဝင်များ၊ လူမှုအသင်းအဖွဲ့မှ အထူးဖိတ်ကြားထားသူများနှင့်လေ့လာစောင့်ကြည့်သူများအပါအဝင် စုစုပေါင်း (၆၅) ဦးတက်ရောက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဗဟိုကောင်စီအစည်းအဝေးကနေ မရာနယ်မြေအားလုံးကို အမြန်ဆုံးထိန်းချုပ်နိုင်ရေးအပါအဝင် ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အထွေထွေအုပ်ချုပ်ရေးနဲ့သက်ဆိုင်တဲ့ အဆိုပေါင်း (၂၀) ကိုဆွေးနွေးဆုံးဖြတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ ထို့အပြင် ဗဟိုကောင်စီအစည်းအဝေးမှ ကောင်စီဝင်များ ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်၊ တွဲဖက်တရားသူကြီးတို့ကိုလည်း အတည်ပြုနိုင်ခဲ့ပြီး မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့မှ တိုက်ပွဲအတွင်း ရဲရင့်ပြီးအမိန့်နာခံမှုကောင်းမွန်သူ (၃) ဦးနဲ့ နိုင်ငံတကာရောက်မရာများအနက် တော်လှန်ရေးတွင် အဖက်ဖက်မှ တက်ကြွစွာပါဝင်ပြီး စံပြထားထိုက်သူ (၃) ဦးတို့ကိုလည်း ဂုဏ်ပြုသဝဏ်လွှာများ ချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဗဟိုကောင်စီအစည်းအဝေးတွင် မရာပဋိညာဉ်အရ ဥပဒေမူကြမ်း (၃) ခုဆွေးနွေးခဲ့ကြရာ ဘဏ္ဍာရေးအက်ဥပဒေနှင့် အခွန်အက်ဥပဒေတို့ကိုဆွေးနွေးအတည်ပြုနိုင်ခဲ့ပြီး ကျန်နေသော လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေးအသုံးပြုနိုင်ရေးအတွက် ဗဟိုကော်မတီအစည်းအဝေးမှ အလုပ်အမှုဆောင်စီမံအုပ်ချုပ်ရေးကော်မတီထံ အာဏာလွှဲအပ်ခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးနဲ့ မရာပြည်သူလူထုတစ်ရပ်လုံးအတွက် ပြည့်၀လုံခြုံသော နိုင်ငံရေးစနစ်တစ်ခုရရှိရန် ဆက်လက်ကြိုးစားအားထုတ်သွားမည်ဖြစ်ကြောင်း မရာပြည်သူ့ညီလာခံကနေ သဘောတူထုတ်ပြန်ပါတယ်။
