
By Kyaw Swa Min
အစ္စရေး (၆)
အစ္စရေး ရဲ့ထောက်လှမ်းရေး (မော့ဆက်)
*************************************
ရန်သူပတ်လည်ဝိုင်းထားတဲ့ အစ္စရေးဂျူးတွေ နိုင်ငံထူထောင်တဲ့အခါ မော့ဆက်ဆိုတဲ့ သူ့ရဲ့ထောက်လှမ်းရေးအဖွဲ့အစည်း က နိုင်ငံနဲ့အတူပြိုင်တူ မွေးဖွားလာတယ်။
နိုင်ငံ တည်ထောင်စမှာ ဝန်ကြီးချုပ်သစ် ဘင်- ဂေါရီးယန်းကို ပျော့တယ်ဆိုပြီး ဂျူး အစွန်းရောက်တွေက မစီးမကပ်ဘူး။ ဘင်-ဂေါရီးယန်းက လည်း သူတို့ကို နေရာမပေးဘူး။ ဘင်- ဂေါရီးယန်း ဟာ ရန်သူပတ်လည်ဝိုင်းတဲ့ နိုင်ငံငယ်လေးအတွက် ရန်သူ့သတင်းကြိုရဖို့အရေးကြီးတယ်ဆိုတာ သိတယ်။ ဒီတော့ မော့ဆက် ကိုထောင်တယ်။ မော့ဆက်ကို ဦးစီးရတဲ့ အစ္စဟာရယ် က ဂျူးအစွန်းရောက်၊ ဘင်-ဂေါရီးယန်းနဲ့ သိပ်မတည့်လှဘူး။ သူက ဝန်ကြီးချုပ်ကို အကြံပေးကြတယ်။ သေရဲ၊ သတ်ရဲ၊ ရန်သူထဲ ထိုးဝင်ရဲတဲ့ ဒီအစွန်းရောက်တွေကို မော့ဆက်မှာ နေရာပေးလိုက်ပါ၊ မဟုတ်ရင် ဒီကောင်တွေ ဝန်ကြီးချုပ်ကို အပြင်ကနေ နိုင်ငံရေး တိုက်ခိုက်နေလိမ့်မယ်လို့၊ ဒါနဲ့ ဘင်-ဂေါရီးယန်းဟာ ဂျူးအစွန်းရောက်လူငယ်တွေကို မော့ဆက်ထဲ ထည့်ပေးလိုက်တယ်။ သူတို့လည်းနေရာတနေရာရသွားတော့ အသံတိတ်သွားတယ်။ ဂျူးတွေ နိုင်ငံရေး မကွဲတော့ဘူး။ ဘင်- ဂေါရီးယန်းက မော့ဆက်ကို အဖွဲ့အစည်းဟာ ထောက်လှမ်းရေး အဖွဲ့အစည်းဖြစ်လို့ ယောင်လို့တောင် အပြင်မပေါက်စေနဲ့၊ အဖွဲ့အစည်း ရှိတယ်လို့ လူတွေသိမထားရင် ဘယ်သူမှ လာမေးလို့ မရဘူး၊ အဲ့ဒီအဖွဲ့အစည်းကို ဘယ်သူမှ အရေးယူလို့ မရဘူး လို့မှာတယ်။
မော့ဆက်ဟာ အစ္စရေးအကျိုးစီးပွါးအတွက် ဘယ်သွားပြီး ဘယ်သူ့ကို ချေမှုန်းရ ချေမှုန်းရ ချေမှုန်းတဲ့ အဖွဲ့အစည်းဖြစ်လာတယ်။ အာရပ်တွေနဲ့ကွာတာက အာရပ်ခေါင်းဆောင်တွေဟာ သူတို့အကျိုးစီးပွါးပိုကြည့်တယ်။ မစည်းလုံးဘူး။ ဂျူးတွေက တမျိုးလုံး အကျိုးစီးပွါး အဓိက။
မော့ဆက်ဟာ အစ္စရေးရဲ့ရန်သူ ဆီးရီးယား၊ အီဂျစ်၊ အီရန်၊ အီရတ် နိုင်ငံတိုင်းမှာ ကွန်ယက်ဖွဲ့နိုင်တယ်။ ဥရောပ ၊ အမေရိက၊ အာရှ၊ အာဖရိက အကုန်ရောက်တယ်။ မော့ဆက် လူရှိတာမှ ၃၀၀၀ ရယ်။ တကမ္ဘာလုံးက သတင်းဖဲ့ယူနိုင်တယ်။ အစိုးရရဲ့ထိပ်ဆုံးအလွှာတွေအထိ ထိုးဖေါက်နိုင်ခဲ့တယ်။ Spy ဆိုတဲ့ဇာတ်ကားထဲမှာ မော့ဆက်ရဲ့ အေဂျင့် အလီကိုဟင် ဟာ ဆီးရီးယား ကာကွယ်ရေးထိပ်ပိုင်းအထိ သပ်လျှို သတင်းတက်ယူနိုင်ခဲ့ပြီး မိသွားလို့ ဆီးရီးယားရဲ့ ကြိုးပေးအသတ်ခံခဲ့ရတယ်။ မော့ဆက်ဘယ်လောက်လက်သွက်လဲဆိုရင် အီဂျစ်သမ္မတ နာဆာ ရဲ့ သားမက်ဟာ မော့ဆက်ရဲ့အေးဂျင့် ဖြစ်လာတယ်။ အစ္စရေးဟာ အဖိုးမဖြတ်နိုင်တဲ့ အီဂျစ်ရဲ့ ကာကွယ်ရေးသတင်းတွေ သမတနှစ်ဆက်တိုင်တိုင် သူကတဆင့် ရခဲ့တယ်။
ပထမပိုင်းမှာ မော့ဆက်ဟာ သူ့အေဂျင်အတွက် ဂျူးလူမျိုးတွေ သုံးခဲ့တယ်။ အီဂျစ်မှာ ဂျာမဏီနွယ်ဖွား ဂျူး တယောက်ကို မြင်းမွေးတဲ့သူဌေးအဖြစ် အထက်တန်းလွှာထဲ ဝင်ပြီး သတင်းယူခိုင်းခဲ့တယ်။ အဲ့ဒီဂျူးက အရေပြားဖြတ်မထားတော့ ဂျူးမုန်းတဲ့ဂျာမန်အနေနဲ့ ဟန်ဆောင်ပြီး သတင်းတွေ မော့ဆက်ဆီ ပို့ခဲ့တယ်။ ခြေချော်လက်ချော်နဲ့ အီဂျစ်အစိုးရ ရဲ့ အဖမ်းခံရတယ်။ မော့ဆက်လူဆို အီဂျစ်က အရှင်မထားဘူး။ မော့ဆက်က အနောက်ဂျာမဏီက ထောက်လှမ်းရေးအဖွဲ့ကို ချိတ်ပြီး သူတို့လူ လို့ အီဂျစ်အစိုးရကို ပြောခိုင်းတယ်။ ဂျာမဏီက အဲ့ဒါငါ့လူပါကွာ၊ တောင်းပန်ပါတယ်။၊ မင်းတို့ကို ထောက်လှမ်းတာမဟုတ်ပါဘူး၊ဘာညာနဲ့ ပြောလို့ အီဂျစ်က ဂျာမန်ထောက်လှမ်းရေးထင်ပြီး ထောင်ဒဏ်နဲ့ ပြန်လွှတ်ပေးလိုက်တယ်။
မော့ဆက်ဟာ သူတို့ အေးဂျင့်တွေကို အန္တရာယ်ကျရင် အစွမ်းကုန်ရအောင် ထုတ်ပါ့မယ်လို့ အေးဂျင့်တွေကို အာမခံတယ်။ အီဂျစ်နဲ့ ဆီးရီးယားမှာ သူတို့ဂျူးတွေ အဖမ်းခံရပြီးတဲ့နောက် မော့ဆက်ဟာ ဒေသခံတွေကို ပိုသုံးလာတယ်။ ပညာတတ်ပြီး ငွေလိုနေတဲ့လူမျိုးတွေ ဘယ်နေရာမဆို ရှိတော့ လွယ်လွယ်ကူကူ အေးဂျင့် ရှာနိုင်လာတယ်။ ဂျူးထောက်လှမ်းရေး ဘယ်လောက်ပြေးလဲ ဆိုရင် အကယ်၍ အီဂျစ်ဟာ အစ္စရေးကိုဝင်တိုက်ရင် ဘယ်နိုင်ငံတွေ အီဂျစ်ဖက်က ဝင်ကူတိုက်မလဲ ကြည့်တယ်။ အီဂျစ် နဲ့ နယ်ချင်းကပ် ဆူဒန် က အီဂျစ်ကို ဝင်ကူပေးနိုင်တယ်လို့တွက်မိတော့ ဆူဒန်ရဲ့ခရစ်ယာန် သူပုန်တွေကို မော့ဆက်က သင်တန်းပေးပြီး ဆူဒန်ကို မငြိမ်မသက်ဖြစ်အောင် လုပ်ပစ်တယ်။ မော့ဆက်က သူ့လူ သုံးယောက်ပဲလွှတ်ပြီး သူပုန်တွေကို သင်တန်းပေးတာ၊ ဆူဒန် ဆူပွက်သွားတယ်။ ဆူဒန်လည်း သူ့ပြည်တွင်းရေးကြောင့် အီဂျစ်ကို မကူနိုင်တော့ဘူး။ မော့ဆက်က အဲ့လို။ကမ္ဘာမှာ မော့ဆက် သိပ်နံမည်ကြီးသွားတဲ့ ကိစ္စတွေရှိတယ်။
၁၉၆၁ ခုနှစ်၊ မော့ဆက်ဟာ အာဂျင်တီးနားကို သွားပြီး ဂျူး ၆ သန်းကိုသတ်ခဲ့တဲ့ ဂျာမန်နာဇီခေါင်းဆောင် အာဒေါ့ဖ် အိုက်ရှ်မန်း ကို သွားဖမ်းတယ်။ အိုက်ရှ်မန်း မှာ ဂျာမဏီစစ်ရှုံးကတည်းက အာဂျင်တီးနားမှာ ခြေရာဖျောက်ပြီး ဟိုနိုင်ငံသားလုပ်ပြီးနေတာ၊ မော့ဆက်က သူအသက်ရှင်နေသေးမှန်းသိတော့ ရအောင်ရှာတယ်။ အာဂျင်တီးနားမှာ ရောက်နေတာ သိတော့ မော့ဆက်အေးဂျင့် ၆၇ ယောက် လွှတ်ပြီး သူ့အိမ်ပတ်လည်မှာ ငှါးပြီးစောင့်ကြည့်တယ်။ သေချာတော့မှ သူထွက်လာတဲ့အချိန် ခြေကိုရိုက်လှဲပြီးဖမ်းချုပ်၊ ကားထဲ ဆွဲသွင်းပြီး မောင်းထွက်တဲ့အချိန်မှာပဲ အိုက်ရှ်မန်း က မင်းတို့ အစ္စရေးတွေ ငါ့ဆီ တနေ့ ရောက်လာမှာ ငါသိပါတယ်ကွာ လို့ ပြောတယ်။ ဘင်- ဂေါရီးယန်းကို သူတို့ အိုရှ်မန်း ကို မိပြီ၊ ရှော့လိုက်ရမလားမေးတော့ ဘင်- ဂေါရီးယန်းက အဲ့လို သေရမယ့်လူ မဟုတ်ဘူး၊ အစ္စရေးကို ရအောင်ခေါ်လာခဲ့ လို့ ခိုင်းတယ်။
အစ္စရေးတရားရုံးမှာ အဲ့ဒီအိုက်ရှ်မန်းသတ်လို့ မသေပဲ ကံကောင်းလို့ ငရဲထောင်ကလွတ်လာတဲ့ ဂျူး သက်သေပေါင်းများစွာစစ်ဆေးပြီး ကမ္ဘာကို အကျယ်တဝံ့ လွှင့်ပြတယ်။ ကမ္ဘာဟာ ဂျူးတွေခံခဲ့ရတာ ပိုစာနာသွားသလို အသက်ရှင်ဆဲ နာဇီဟောင်းတွေလည်း နေစရာမရှိတော့ဘူး၊ မော့ဆက် သူတို့ဆီဘယ်နေ့ရောက်လာမလဲ လန့်နေကြရတယ်။ အဲ့ဒီ ၆၁ ကတည်းက မော့ဆက်ကို ကမ္ဘာက အတော်ဖြုံသွားကြတယ်။ အစ္စရေး အားသာတာတခုက နိုင်ငံသစ်ဖြစ်တော့ တခြားနိုင်ငံတွေကနေ အစ္စရေးကို ပြောင်းဝင်လာတဲ့ ဂျူးတွေကို မူလနိုင်ငံပြန်ပြီး ထောက်လှမ်းရေးလုပ်ခိုင်းတာပဲ။
၁၉၆၂ မှာ အီဂျစ်သမတ နာဆာက အစ္စရေးရောက်အောင်ပစ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်ထုတ်ပြတယ်။ အစ္စရေး က လန့်သွားပြီးမော့ဆက် အေဂျင့်တွေကတဆင့် ဒီဒုံးနည်းပညာဘယ်က ရောက်လာတာလဲ စုံစမ်းတယ်။ ဟစ်တလာရဲ့ အကြွင်းအကျန် ဂျာမန် နည်းပညာရှင် ၃၅ ယောက် အီဂျစ်ရောက်နေတာ သိလာရတယ်။ အစ္စရေးဟာ အီဂျစ်က လူမျိုးပြုတ် အောင်တွယ်မယ် ကြိမ်းထားတော့ အတော်ပူပန်တယ်။ ဒီဂျာမန်ပညာရှင်တွေ မကူညီရင် အီဂျစ်ဟာ ဒီ ဒုံးကျည်မထုတ်နိုင်ဘူးဆိုတာ သိတော့ ဂျာမန်ပညာရှင်ဆီကို ပါဆယ်ဗုံးတွေပို့တယ်။ အီဂျစ်ဝန်ထမ်း ၅ယောက်သေတယ်၊ ဂျာမန်ပညာရှင် အမျိုးသမီးလည်း ဗုံးကြောင့် မျက်စိကွယ်သွားတယ်။ မပြီးသေးဘူး၊ ဂျာမဏီကိုပြန်လာတဲ့ ဂျာမန်ပညာရှင်တယောက်ကို ဂျာမဏီကနေ အစ္စရေးကို ပြန်ပေးဆွဲသွားတယ်။ သူ့မိသားစု ဒီနေ့အထိ သတင်းအစအန မရတော့ဘူး။ အစ္စရေးဟာ ဂျာမန်အစိုးရကို အီဂျစ်မှာရှိတဲ့ ဒုံးကျည် ပညာရှင်တွေ ပြန်ခေါ်ပါ၊ မခေါ်ရင် အသက်အာမမခံဘူးလို့ ဖိအားပေးတယ်။ နောက်ဆုံးဂျာမဏီက သူ့နိုင်ငံသားတွေပြန်ခေါ်တယ်။ အီဂျစ်လည်း ဒုံးကျည်အစီအစဉ် ပျက်သွားတယ်။
မော့ဆက်ရဲ့ စစ်ဆင်ရေး အများကြီးထဲမှာ တခုက ၁၉၆၀ ပါတ်ဝန်းကျင်က အာရပ်တွေဟာ ဆိုဗီယက်ကနေ အသံထက်မြန်တဲ့ MiG21 တိုက်လေယာဉ်တွေ ဝယ်ကြတယ်။ အဲ့ဒီခေတ်က MiG 21 လေယာဉ်ဟာ အကောင်းဆုံးပဲ။ ဒီလိုဂျက်မျိုး အမေရိကန်မှာတောင်မရှိဘူး။ ဒီဂျက်တွေနဲ့ အစ္စရေးဝင်တိုက်ရင် အစ္စရေးအထိနာမယ်။ မော့ဆက်ဟာ Might 21 ဂျက်တွေဝယ်ထားတဲ့နိုင်ငံတွေထဲက အီရတ်ကို ထိုးဖေါက်တယ်။ အီရတ်တိုက်လေယာဉ်မှူးတဦးဟာ မူစလင်မဟုတ်ပဲ ခရစ်ယာန်ဖြစ်နေတယ်။ အာရပ်နိုင်ငံမှာ သူက ရာထူးထပ်တိုးစရာမရှိတော့ဘူး။ မော့ဆက်ဟာ သူ့ကို ဒီဂျက်လေယာဉ်ကို အစ္စရေးကို မောင်းလာရင် ဒေါ်လာတသန်းပေးမယ်၊ တသက်လုံးကာကွယ်ပေးမယ် လို့ စည်းရုံးတယ်။ လေယာဉ်မှူးရဲ့ မိသားစုတွေကိုအယင် ခေါ်ထုတ်ပေးမယ် ကတိပေးတယ်။ လေယာဉ်မှူးက သဘောတူတော့ သူ့ ဝမ်းကွဲမောင်နှမ၊ တူ တူမက အစ မိသားစု ၃၂ ယောက်ကို အီရတ်ကနေ အစ္စရေးကို အယင် ခိုးထုတ်ရတယ်။
၁၉၆၆ နှစ်လယ်မှာ ဟို လေယာဉ်မှူးက သူ့ဂျက်ကိုမောင်းပြီး အစ္စရေး ကို ထွက်ပြေးတယ်။ လေယာဉ်ရတာနဲ့ အမေရိကန်၊ ဥရောပနိုင်ငံစုံက လာပြီး ဆိုဗီယက်တွေ ဘယ်လိုဆောက်ထားလဲ လေ့လာကြတယ်။ မော့ဆက်ဟာ အာရပ်တွေထက် နှာတဖျားနဲ့ CIA အပါအဝင် အနောက်နိုင်ငံက ထောက်လှမ်းရေးတွေကို ညီနောင်ပါတနာအဖြစ် အလုပ်လုပ်ဖို့ စည်းရုံးနိုင်လာတယ်။
ဒီလေယာဉ်ကို စမ်းမောင်းပြီး ရန်သူ အာရပ်လေတပ်တွေမှာ ဘာအားနည်းလဲဆိုတာ အစ္စရေးတွေ တွေ့သွားတာ သမိုင်းဝင် အာရပ်၊ အစ္စရေး ၆ ရက်စစ်ပွဲမှာ အစ္စရေးတွေ နိုင်ဖို့ ဖြစ်လာတယ်။
အစ္စရေး (၇)
၁၉၆၇ အာရပ်- အစ္စရေး ၆ ရက်စစ်ပွဲ။
၁၉၅၇ ပထမစူးအက်တူးမြောင်းပဋိပက္ခ ကတည်း အီဂျစ် နဲ့ အစ္စရေး နယ်စပ်မှာ UN ရဲ့ တပ်တွေ ရောက်လာပြီး ထိမ်းပေးလို့ အစ္စရေးပြည်တွင်းရေးအတော်ငြိမ်သွားတယ်၊ တခါတခါ ဆီးရီးယားနယ်စပ်ပြဿနာ၊ အသစ်ပေါ်လာတဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO, အာရာဖတ်ရဲ့ Fatah ဖါတာအဖွဲ့တို့ ပြောက်ကျားစစ်တွေရှိခဲ့ပေမယ့် စစ်ပွဲကြီးကြီး မရှိခဲ့ဘူး။ အီဂျစ်သမ္မတ နာဆာ ရဲ့ တာဝေးပစ်ဒုံး ထုတ်ဖို့ကြိုးစားတာ၊ ဆီးရီးယား၊ ဂျော်ဒန် နဲ့ မဟာမိတ်ဖွဲ့တာ၊ ဆိုဗီယက်က လေယာဉ် နဲ့ လက်နက်တွေဝယ်တာနဲ့ ပတ်သက်ပြီး သူ့ဘေးက အာရပ်နိုင်ငံတွေ ဒီ ၁၀ နှစ်အတွင်း ဘာတွေ ပေါင်းပြီး ကြိတ်ကြံနေလဲ လို့ အစ္စရေးက စိတ်ပူတယ်။
အစ္စရေးကလည်း ပြင်သစ်ကနေ လေယာဉ်၊ တင့်ကား၊ စစ်သင်္ဘော၊ တာဝေးပစ် ရသမျှ ကြိတ်စုတယ်။ အာရပ်တွေရဲ့ အကောင်းဆုံး MiG 21 ရဲ့ စွမ်းဆောင်ရည်ကိုလည်း သူတို့ လေ့လာထားတော့ အစ္စရေးလေတပ်က အာရပ်တွေကို ဘယ်လိုတိုက်ရမလဲ ကြိုပြင်ထားတာ နှစ်ပေါက်နေပြီ။
သမိုင်းမှာ ပြန်သိရတာက ဆီးရီးယား နဲ့ အီဂျစ် က စစ်ရေး မဟာမိတ်လက်မှတ်ထိုးလိုက်တော့ တနိုင်ငံနဲ့ တနိုင်ငံကြား ကာကွယ်ပေးရမယ့်တာဝန်ရှိလာတယ်။ အီဂျစ်ကို လက်နက်ရောင်းနေတဲ့ ဆိုဗီယက် က သူတို့ထောက်လှမ်းရေးက ရတဲ့ အစ္စရေးခြေလှမ်းတွေ အီဂျစ်ကို ပို့တယ်။ တနေ့မှာ ဆိုဗီယက်အစိုးရ ရဲ့ သတင်းတခုက အစ္စရေးဟာ ဆီးရီးယားကို ဝင်တိုက်တော့မယ် လို့ အီဂျစ်ကို လှမ်းပြောတယ်။ တကယ်တော့ အဲ့ဒါသတင်းမှား၊ အစ္စရေးမှာ အစီအစဉ်မရှိဘူး။
ဆီးရီးယား၊ ဂျော်ဒန် နဲ့ မဟာမိတ် လက်မှတ်ထိုးထားတဲ့ အီဂျစ်ဟာ အစ္စရေးတွေ ဆီးရီးယားကို ဝင်မတိုက်အောင် ကာကွယ်ပေးရမယ့် စာချုပ်တာဝန်ရှိနေတယ်။ ဒီတော့ သူ့နယ်စပ်ကနေ သူ့တပ်တွေ အစ္စရေးကို တိုက်တော့မှာလိုလို နဲ့ အစ္စရေး အာရုံပြောင်းအောင်၊ ဆီးရီးယားကို ဝင်မတိုက်အောင် စစ်ပရိယာယ် ဆွယ်တယ်။အီဂျစ်ဟာ အစ္စရေး ရဲ့ ရေလမ်းထွက်ပေါက်ကို ထပ်ပိတ်ပစ်တယ်၊ ပြီးတော့ အီဂျစ်၊ အစ္စရေးနယ်စပ်က UN တပ်တွေကို ရုတ်ခိုင်းတယ်။ အီဂျစ် ဒုကာချုပ်ကို အစ္စရေး၊ အီဂျစ်နယ်စပ်က တပ်တွေကို သွားအားပေးခိုင်းတယ်။ အစ္စရေး ဟာ အာရပ်တွေ သူ့ကို စတိုက်ဖို့ ပြင်နေပြီလို့ ထင်လာတယ်။ ဟိုကလာတာမစောင့်ဘူး၊ ဦးအောင်ချကွာ ဆိုပြီး တိုက်ပစ်တာကနေ အာရပ် အစ္စရေး ၆ ရက်စစ်ပွဲ ဖြစ်လာတာပဲ။
၆ ရက်စစ်ပွဲ မစခင် အီဂျစ်ရဲ့ ကက်ဘိနက်အစည်းအဝေးမှာ တကယ်လို့ အစ္စရေးတွေ ကိုယ့်ကိုဝင်တိုက်ရင် ဘယ်လို လုပ်ကြမလဲ ကိုယ်ကဦးအောင်ချမလား ဆွေးနွေးတယ်၊ အီဂျစ်လေတပ်စစ်ဦးစီးချုပ်က ကိုယ်က စ ချရင် အမေရိကန် နဲ့အစ္စရေး ပေါင်းပြီးကိုယ့်ကို ပြန်ချလိမ့်မယ်။အစ္စရေး တယောက်တည်း လာချမှ ပြန်ချရင် အမေရိကန်ပါမှာ မဟုတ်တော့ဘူးလို့ပြောတယ်။ သူတို့ဟာ အစ္စရေးကို သိပ်အထင်ကြီးဟန်မတူဘူး။ အီဂျစ်ဟာ တကယ်တော့ ဘာမှ ပြင်ထားတာမရှိဘူး။ ယောင်ပြအကွက်ခင်းနေတာ။
၁၉၆၇ ဇွန်လ ၅ ရက်နေ့ မနက်၇ နာရီ မှာ အစ္စရေးဟာ Operation Focus ဆိုတဲ့ စစ်ဆင်ရေးနဲ့ အီဂျစ်ကို လေကြောင်းကတဆင့် ရုတ်တရက် စတိုက်တယ်။ အီဂျစ်ရဲ့ အရှေ့ဖက်မှာရှိတဲ့ အစ္စရေးဟာ အီဂျစ်ရေဒါလွတ်အောင် မြေထဲပင်လယ်ထဲကနေ ပစောက်ပုံစံ အဝေးကြီးကနေ ပတ်ပြီး လေယာဉ် အစီး ၂၀၀ နဲ့ အီဂျစ် မြောက်ဖက်က နေ အီဂျစ်နယ်မြေထဲဝင်တယ်။ အီဂျစ်ဟာ အရှေ့ကို အာရုံစိုက်နေတာမို့ အငိူက်မိသွားတယ်။ အစ္စရေးလေယာဉ်တွေဟာ အီဂျစ်နိုင်ငံထဲက လေဆိပ် ပြေးလမ်းမှန်သမျှ ဗုံးကြဲတယ်။ စစ်လေယာဉ်မှန်သမျှ အနီးကပ်ဗုံးကြဲဖျက်ဆီးတယ်။ နေ့ခင်းရောက်တဲ့အချိန် အီဂျစ်ရဲ့ စစ်လေယာဉ် အစီး ၃၀၀၊ လေတပ်ရဲ့ ၈၀% ပျက်စီးသွားပြီ။ လေဆိပ် ၁၈ ခု သုံးမရတော့ဘူး။ နှစ်နာရီအတွင်းအကုန်ကုန်တယ်။ အီဂျစ်ရဲ့ ရေဒီယိုက အားလုံးကောင်းပါတယ် နိုငိနေပြီလို့ ပြည်သူကိုလိမ်လွှင့်တယ်။ အီဂျစ် နိုင်နေပြီကြားတော့ ဂျော်ဒန် ရယ်၊ ဆီးရီးယားရယ်၊ အီရတ်ရယ်က အစ္စရေးကိုတိုက်ဖို့ တိုက်လေယာဉ်တွေ လွှတ်တယ်။ အစ္စရေးရဲ့ ယောင်ပြလေတပ်စခန်းကို ဝင်တိုက်ကြတယ်။ အဲ့ဒီမှာ လေယာဉ်အတု နှစ်စီးပဲရှိတယ်။ ဂျော်ဒန်ရော၊ ဆီးရီးယားရော၊ အီရတ်ကော စစ်ပွဲထဲပါလာပြီ ဆိုတော့ အစ္စရေးလေယာဉ်တွေဟာ ဆီပြန်ဖြည့်ပြီး တနေ့ထဲမှာပဲ နိုင်ငံ သုံးနိုင်ငံကို သုံးကြိမ် ဗုံးသွားကြဲတယ်။ ဂျော်ဒန်ရဲ့ လေတပ်တခုလုံး ပျက်စီးသွားတယ်။ ဆီးရီးယားက သူ့တိုက်လေယာဉ်တဝက် ကုန်သွားတယ်။ အစ္စရေးအထိ တာဝေးပျံလို့ရတဲ့ အီရတ်ရဲ့ တခုထဲသော H3 လေတပ်စခန်းလည်း ဖျက်ဆီးခံရတယ်။ ပထမနေ့ရဲ့ ညနေ နေဝင်ချိန်မှာ အစ္စရေးဟာ အာရပ်ရန်သူတွေရဲ့ ကောင်းကင်တခုလုံးကို ဗိုလ် ကျစိုးမိုးနိုင်တဲ့ တခုတည်းသော လေတပ် ဖြစ်လာတယ်။ အာရပ်မြေပြင်တပ်တွေဟာ လေကြောင်းပစ်ကူမပါပဲ စစ်တိုက်ရတဲ့ တပ်တွေဖြစ်လာတယ်။ ကမ္ဘာ့သမိုင်းမှာ တရက်တည်း ရန်သူနိုင်ငံ လေးနိုင်ငံရဲ့ လေယာဉ် အများဆုံးပစ်ချခဲ့တဲ့ပွဲအဖြစ် စံချိန်တင်ရတဲ့ စစ်ပွဲဖြစ်လာတယ်။
စစ်ပွဲပထမနေ့စစ်ပွဲစတဲ့အချိန် အီဂျစ် ဒုကာချုပ်က အစ္စရေးနယ်စပ်က သူ့တပ်တွေကို အားပေးပြီး မြို့တော် ကိုင်ရိုကို အရပ်ဖက် လေယာဉ်နဲ့ ပြန်လာတုန်း လေပေါ်မှာပဲ ရှိသေးတယ်။ ခဏနေတော့ အစ္စရေး စစ်လေယာဉ်တွေ အများကြီး သူ့လေယာဉ်ပတ်လယ်မှာရောက်နေပြီ။ အစ္စရေးတွေက အရပ်ဖက်လေယာဉ်မို့ လွှတ်ပေးလိုက်ပုံရတယ်။ ဒုကာချုပ် ကိုင်ရိုကို သွေးပျက်ပြီး ပြန်ရောက်လာတယ်။
၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲမတိုင်မှီ အစ္စရေး ဟာ ၈ မိနစ်အတွင်း ဆင်းလာတဲ့ လေယာဉ်ကို ဆီဖြည့်၊ ပြန်မောင်းနိုင်တဲ့ စံချိန်ရအောင် လေ့ကျင့်ထားခဲ့တယ်။ အဲ့ဒီစံချိန်နဲ့ဆိုရင် သူတို့ရှိတဲ့ လေယာဉ်နဲ့ ရန်သူ သုံးနိုင်ငံကို တရက်တည်းအပြီးတိုက်လို့ရတယ်လို့ တွက်ပြီး တိုက်တာဖြစ်တယ်။
အီဂျစ်လေဆိပ်တွေကို လှိုင်းလုံးရိုက်သလို ၃ မိနစ်တခါ တသုတ်ပြီးတသုတ် ဝင်တိုက်ခဲ့တယ်။ အီဂျစ်လေယာဉ်မှူးတွေဟာ အစ္စရေးဝင်လာတော့ အမြန်ဝေဟင်ပေါ်တက်ပြီး တိုက်ပွဲဝင်ကြပေမယ့် ဝေဟင်တိုက်ပွဲပြီးရင် ပြန်ဆင်းစရာ ပြေးလမ်းမရှိတော့လို့ လေယာဉ်တိုင်းနီးပါး ပျက်စီးခဲ့ရတယ်ဆိုပါတယ်။
အီဂျစ်ဒုကာကွယ်ရေးဦးစီးချုပ်ဟာ ကွင်းတိုင်းနီးပါးပျက်စီးသွားလို့ သူ့လေယာဉ်ဆင်းဖို့ ကွင်းရှာမရခဲ့ဘူး။ ဝေဟင်မှာပတ်ပြီး နိုင်ငံလေဆိပ်တွေရဲ့အပျက်အစီးတွေတွေ့လိုက်ရတယ်။ ကွင်းတကွင်းတွေ့၊ ကံကောင်းလို့ ပြန်ဆင်းလာခဲ့ပေမယ့် အစ္စရေးရဲ့ လေတပ်အပေါ်မှာအတော် တုန်လှုပ်သွားခဲ့ပြီး နောက်ဆက်တွဲ ဆုံးဖြတ်ချက်အမှားတွေ ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။
အစ္စရေးရဲ့ လေတပ်အင်အားကို လေပေါ်မှာမျက်မြင်တွေ့လိုက်ရတာရယ်၊ သူတို့ လေတပ်ပျက်စီးသွားပြီဆိုတဲ့ မျက်မြင်မြင်ကွင်းရယ်ကြောင့် အီဂျစ်ကာချုပ်က နောက်တနေ့မှာ အစ္စရေးနယ်စပ်က သူ့တပ်တွေကို စူးအက်တူးမြောင်းအထိ ချက်ခြင်းပြန်ဆုတ်ခိုင်းတယ်။ ရန်သူက သူ့လေတပ်က ပြည်တွင်းရောက်နေတာကိုး။ စစ်သမိုင်းမှာ အလွန်မှားတဲ့ဆုံးဖြတ်ချက်လို့ ဆိုကြတယ်။ အစ္စရေးဟာ အီဂျစ်ပိုင် ဂါဇာကို သိမ်းတယ်။
အထက်က အမိန့်ကြောင့် အီဂျစ်တပ်တွေ မိုင်ရာချီဝရုန်းသုံးကား ပြန်ဆုတ်တာကို တောက်လျောက်လိုက်တိုက်ရင်းနဲ့ အစ္စရေးဟာ ဆနိုင်း ကမ်းမြှောင်ဒေသ တခုလုံးကို စူးအက်တူးမြောင်းအထိ မိုင်ရာချီထပ်သိမ်းပိုက်နိုင်သွားတယ်။ အစ္စရေးက ဒီစစ်ပွဲကို နှစ်ဖက်တိုက်ကြတဲ့ပွဲမဟုတ်ဘူး၊ ဆုတ်တဲ့ရန်သူကို တဖက်တည်းလိုက် တိုက်ရတဲ့ပွဲလို့ ဆိုတယ်။ လေးရက်မြောက်မှာ အစ္စရေးဟာ စူးအက်တူးမြောင်းရဲ့ အရှေ့ဖက်ကမ်းမှာ အထိုင်ချတယ်။ ပထမနေ့မှာပဲ အစ္စရေးဟာ နယ်ချင်းကပ် ဂျော်ဒန်ပိုင် ပါလက်စတိုင်းအာရပ်နယ်မြေ West Bank ကို တိုက်တယ်၊ ၂ ရက်ကြာတော့ ဂျေရုဆလင်ကိုသိမ်းတယ်။
UN က စစ်ပွဲရပ်ဖို့ ပြောတာ အစ္စရေးက မရပ်ပဲ ၅ ရက်မြောက်မှာ ဆီးရီးယားကိုဝင်တိုက်ပြီး အစ္စရေးအတွက် မဟာဗျူဟာမြောက် အရေးပါတဲ့ ဂိုလန်ကုန်းမြင့်ကို တိုက်တယ်။ ၆ ရက်မြောက်မှာ ဆီးရီးယားဟာ ကုလသမဂ္ဂရဲ့ စစ်ပြေငြိမ်းရေး လက်ခံတယ်လို့ ကြေညာတယ်။
အစ္စရေးဟာ ၆ ရက်အတွင်း သူ့ရေလမ်းကြောင်းပွင့်ဖို့ ဆနိုင်းကမ်းမြှောင်ဒေသကို သိမ်းနိုင်ခဲ့တယ်၊ ဂျော်ဒန်ပိုင် ပါလက်စတိုင်းအာရပ်တွေရဲ့ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း West Bank ကိုသိမ်းတယ်၊ ဆီးရီးယားရဲ့ ဂိုလန်ကုန်းမြေကိုသိမ်းတယ်။ သူ့ရည်ရွယ်ချက်တွေ ပြည့်တော့မှ UN ရဲ့ စစ်ပြေငြိမ်းရေးကို သဘောတူလိုက်တယ်။
အစ္စရေး ရဲ့ လက်ရဲဇက်ရဲ ရှိပုံတခုပြောရရင် ၆ ရက်စစ်ပွဲဖြစ်နေတုန်း ၃ ရက်မြောက် ၈ ရက်နေ့မှာ အစ္စရေးနားက မြေထဲပင်လယ်ထဲမှာ အမေရိကန် စပိုင်သင်္ဘော USS liberty ရှိနေတယ်။ နိုင်ငံတကာရေပိုင်နက်ထဲမှာပါ။ အစ္စရေးဟာ အဲ့ဒီ အမေရိကန်စပိုင်သင်္ဘောကို လေယာဉ်နဲ့ပစ်တယ်။ တိုပီတိုနဲ့ထုတယ်။ အဲ့ဒါအစ္စရေးရဲ့ သူ့မဟာမိတ်အမေရိကန်ကို ချတာ။ အမေရိကန် ၃၄ ယောက်သေတယ်၊ ၁၇၁ ယောက်ဒဏ်ရာရတယ်။ ပြီးတော့ အီဂျင်စစ်င်္ဘောထင်လို့ ထုမိတာပါဆိုပြီးတောင်းပန်တယ်။ ပထမမထုခင်လေယာဉ်နဲ့ ပတ်ကြည့်သွားသေးတယ်။ သင်္ဘောရဲ့ အမေရိကန်ရဲ့အမှတ်အသားတွေ တွေ့ရဲ့နဲ့ထုတာ။
CIA ရဲ့ သမိုင်းမှတ်တမ်းတခု မှာ အစ္စရေးဟာ အမေရိကန်သင်္ဘောမှန်း သိရက်နဲ့လုပ်တာ လို့ ပြောတယ်။ နောက်ပိုင်းအစ္စရေးမှတ်တမ်းတချို့မှာ ဒီသင်္ဘောကို ထုတဲ့ရည်ရွယ်ချက်က အမေရိကန်တွေဟာ အစ္စရေး နဲ့ရန်သူတွေရဲ့ စစ်ရေးဆယ်သွယ်တဲ့ ရေဒီယိုတွေကို ဖြတ်နားထောင်နေတယ်။ အမေရိကန်ကိုပို့တယ်။ အမေရိကန်က UN ကို တင်ပြတယ်။ UN က လိုက်တားတယ်။ အစ္စရေး ဟာ ဂိုလန်ကုန်းကို လှို့ဝှက်သိမ်းဖို့လုပ်တာ အမေရိကန်အပါအဝင် UN ကို မသိစေချင်ဘူး။ ဒီတော့ သတင်းဖြတ်နားထောင်နေတဲ့ အမေရိကန်ကို ထုချလိုက်တော့ ကမ္ဘာဟာ သင်္ဘောပေါ် အာရုံရောက်သွားတယ်။ အစ္စရေးဟာ သတင်းအမှောင်ချပြီး ဂိုလန်ကို ဆက်သိမ်းတယ်။ ဂိုလန်ရတော့ စစ်ပြေငြိမ်းရေးလက်မှတ်ထိုးလိုက်တယ်။ အမေရိကန်ကို သားမှားပါတယ် ဆိုပြီး တောင်းပန်ပြီး လျော်ကြေးပေးလိုက်တယ်။
ဒီစစ်ပွဲကိုဦးဆောင်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး မိုရှေဒါယန်းဟာ သမိုင်းမှာ အကျော်ကြားဆုံးစစ်ဗိုလ်ချုပ်ဖြစ်လာတယ်။
မိုရှေဒါယန်းဟာ ဒုတိယကမ္ဘာစစ်တုန်းက မြန်မာပြည်ထဲမှာ အင်ဖါကနေ ကချင်ပြည်နယ် အင်းတော်နဲ့ စစ်ကိုင်းနယ်ထဲကို လေကြောင်းကနေ ဂလိုက်ဒါတွေနဲ့ တပ်မကြီးတခုလုံး ဆင်းပြီး မြန်မာ အိန္ဒိယနယ်စပ် ရောက်နေတဲ့ ဂျပန်တပ်တွေကို နောက်ကျောကဖြတ်တိုက်ခဲ့တဲ့ နံမည်ကျော် ခြင်္သေ့တပ်ဖွဲ့ရဲ့ တပ်မှူး အင်္ဂလိပ်-ဂျူးအစွန်းရောက် ဗိုလ်မှူးချုပ်ဝင်းဂိတ်ရဲ့ ပညာအကုန်ရခဲ့တဲ့ တပည့်ရင်းဖြစ်တယ်။ အာရပ်- အစ္စရေးစစ်ပွဲကို ပြေငြိမ်းအောင်ကြိုးစားခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ မြန်မာနိုင်ငံသား ဦးသန့်ဖြစ်တယ်။
၆ ရက် စစ်ပွဲကာလအတွင်း အစ္စရေးဘက်က စစ်ဗိုလ်ချုပ်ကြီး ၁၂ ယောက်ဦးစီးတယ်၊ အာရပ်လေးနိုင်ငံက ဗိုလ်ချုပ်ကြီး ၁၅ ယောက်ဦးစီးတယ်။ အစ္စရေးက ၉၀၀ ကျော်သေတယ်၊ တင့်ကား၄၀၀ ပျက်စီးတယ်၊ တိုက်လေယာဉ် ၄၆ စင်း ဆုံးရှုံးတယ်။
အာရပ်ဖက်က အီဂျစ်တပ်သား တသောင်းခွဲလောက်ကျတယ်၊စစ်သည် ၄၀၀၀ကျော် သုံ့ပန်းဖြစ်တယ်။ ဂျော်ဒန်က ၅၀၀ လောက်ကျတယ်၊ ၅၀၀ ကျော်သုံ့ပန်းအဖမ်းခံရတယ်၊ ဆီးရီးယားက ၂၀၀၀ ကျော်ကျတယ်။သုံ့ပန်း ၅၀၀ ကျော်။ အာရပ်ဖက်က တိုက်လေယာဉ် ၄၅၂ စီးကျော်ပျက်စီးတယ်၊ တင့်ကားထောင်ချီပျက်စီးတယ်။ စစ်ပွဲအပြီးမှာ ပါလက်စတိုင်းအာရပ် လေးသိန်းကျော် စစ်ပြေးဒုက္ခသည်စခန်းတွေထဲ ရောက်သွားတယ်။ အီဂျစ်သမတ နာဆာဟာ အရှက်တကွဲရှုံးလို့ရာထူးကနှုတ်ထွက်တယ်။
အာရပ်လေးနိုင်ငံဟာ အရှုံးကြီးရှုံးသွားတဲ့နောက် အစ္စရေးပိုင်နက် သုံးဆ တိုးလာတယ်။ ဂျေရုဆလင်အပါအဝင် ပါလက်စတိုင်းတခုလုံး အစ္စရေးလက်ထဲကျသွားတယ်။ ပါလက်စတိုင်းအာရပ်တွေရဲ့ ကံကြမ္မာဟာ UN ကပေးထားတဲ့ သူတို့နေရာတွေကို သိမ်းပိုက်လိုက်တဲ့ အစ္စရေးအပေါ်လုံးလုံးတာဝန်ကျလာတယ်။
အစ္စရေးသမိုင်းပညာရှင်တချို့ကတော့ ဒီလို အာရပ်နိုင်ငံတွေကို လွယ်လွယ်နိုင်လိုက်တာဟာ နောင်အစ္စရေးသမိုင်းအတွက် အလွန်ရှုပ်ထွေးတဲ့ ပါလက်စတိုင်း- အစ္စရေး ပြည်တွင်းရေး အစဖြစ်လာတယ်လို့ဆိုတယ်။ အာရပ်တွေဟာ အစ္စရေးဟာ လွယ်လွယ်ကူကူ တိုက်လို့မရတဲ့နိုင်ငံဆိုတာ သိလာပြီးတဲ့နောက် နိုင်ငံခြင်း ရင်မဆိုင်တော့ပဲ ပါလက်စတိုင်းအာရပ်တွေကိုထောက်ပံ့တဲ့နည်းကိုပြောင်းသုံးလာရာကနေ Muslim brotherhood, PLO, ဟားမတ်စ် , အယ်လ်ကိုင်းဒါး၊ Isis တို့ ခေတ်ကို အသွင်ပြောင်းသွားတယ်။
စိတ်ဝင်စားရင် ကျန်တဲ့အဖြစ်အပျက်တွေ လူပုဂ္ဂိုလ်အကြောင်းတော့ စာအုပ်တွေ documentaries တွေ ရုပ်ရှင်တွေကြည့်ကြပေါ့။ ချုံ့ ရေးရတာမို့ အမှားပါနိုင်ပါတယ်။ ခွင့်လွှတ်ပါ။ ဗဟုသုတမျှသာ။
အပိုင်း (၄) ဆက်ရန်>>
မှတ်ချက်။ ၂၀၂၃ ခုနှစ်၊အောက်တိုဘာလမှာ ဆရာကျော်စွာမင်း ရေးသားခဲ့တဲ့ “အစ္စရေးအကြောင်း” (၁-၁၀) မှာ (၆-၇) ကို အပိုင်း-၃ အဖြစ် ဖော်ပြလိုက်ပါတယ်။