Headlines

“အစ္စရေးအကြောင်း နည်းနည်းပြောကြည့်မယ်” ( အပိုင်း-၂ )

By Kyaw Swa Min

စစ်ဖြစ်နေတဲ့ အစ္စရေး ရဲ့ ဂျူးဘာသာ (Judaism) နဲ့ ပါလက်စတိုင်းအာရပ်ကမ္ဘာ အစ္စလာမ်တို့ တူတဲ့အချက်တွေ အများကြီးရှိတယ်။ ( Abrahamic Faith) လို့ခေါ်တယ်။ အီဗရာဟင် ကဲ့သို့ ဘုရားအပေါ် သက်ဝင်ကြသူများပေါ့။

ပထမတူတာက ကိုးကွယ်ရာ ဘုရားအတူတူပဲ။ ဂျူးက သူတို့ဘာသာစကားနဲ့ God ဒါမှမဟုတ် ယေဟောဝါ လို့ခေါ်တယ်။ အစ္စလာမ်က သူ့ဘာသာစကားနဲ့ God သို့မဟုတ် အလ္လာ လို့ခေါ်တယ်။ တဆူတည်းပဲ။ အစားအသောက် ဥပဒေတွေ အတော်တူကြတယ်။ ဝက်သားမစားဘူး၊ လည်လှီးသားပဲ စားတယ်၊ အသားစားဖို့အတွက် လည်လှီးကြပုံခြင်းလည်းတူတယ်၊ တုံးတဲ့ဓါးနဲ့ လှီးသတ်လို့မရဘူး၊ နည်းသိရမယ်၊ အသွေးတွေအကုန် စွန့်ပစ်ရတယ်။ ( logic- သွေးကတဆင့် ရောဂါပါတတ်လို့) သတ်တဲ့လူဟာ သတ်မှတ်ထားတဲ့လူတွေပဲသတ်ခွင့်ရှိတယ်၊ လည်လှီးတဲ့အခါ ပူဆော်ရွတ်ဖတ်ပုံခြင်းတူတယ်။ လည်လှီးမည့်သတ္တဝါကို င်္အဂါပြည့်စုံ၊မစုံ ၊ ရောဂါ ရှိ မရှိ စစ်ဆေးရတာခြင်းလည်း တူတယ်။ တိရိစ္ဆာန်ကို ဘာသာရေးနည်းနဲ့ အညီပဲ သတ်ခွင့်ရှိတယ်၊ မသေမရှင် နှိပ်စက်ခွင့်မရှိဘူး။ ဂျူးရော အစ္စလာမ်ကော ဘယ်ပင်လယ်စာ ပဲ စားရမယ်ဆိုတာလည်း တူတယ်၊ ဂျူးရော၊ အစ္စလာမ်တွေကော shell fish မစားကြဘူး။ ပုဇွန်တို့ ဘာတို့ပေါ့။ ( logic- နေပူတော့ ပုပ်သိုးလွယ်တဲ့အသား၊ တရက်တောင် အထားမခံတဲ့အသားစားရင် ရောဂါရမှာစိုးလို့)

ဂျူး က ကြက်ဥ နဲ့ ကြက်သားတွဲမစားဘူး (logic- ဥ ရော အကောင်ရော တွဲစားရင် ကြက်တွေ မျိုးပြုတ်ကုန်မှာစိုးလို့) အစ္စလာမ်တော့မသိဘူး။

အစ္စလာမ်ကော၊ ဂျူးကော အမဲသား နဲ့ နို့/ ဒိန်ခဲ/ ဒိန်ချဉ် တွဲ မချက်ရဘူး။ ( logic- သားကျပြီးသား/ ကိုယ်ဝန်ဆောင် နွားမတွေ သတ်စားကြရင် မျိုးတုံးကုန်မှာစိုးလို့) ။ ဒိအချက်တွေဟာထပ်တူမတူတောင် အတော်ကြီးတူတယ်။ ဂျူးရော၊ အစ္စလာမ်ရော ရှိခိုးပုံတူကြတယ်၊ ဂျူးက သောင်္ကြာနေ့ နေဝင်ကနေ စနေနေ့ နေဝင်အတွင်း အစ္စလာမ်က သောင်္ကြာနေ့ ရှိခိုးတယ်။ ဥပုသ်ကလည်း တံတွေးတောင်မမြို၊ အစာရှောင်ကြတာခြင်းတူတယ်။ အလှုလုပ်ရင် ဝင်ငွေကို ဘယ်အချိုးအစားလှုရတာဆိုတာလည်းတူတယ်။ အရေပြားဖြတ်ကြရတာလည်း တူတာပဲ။

ဗုဒ္ဓဘာသာမှာဆို လက်ဝဲရံ၊ လက်ယာရံလို ရဟန္တာတွေလည်း ဂျူးနဲ့ အစ္စလာမ် တမာန်တော်တွေ တူကြတယ်။ မိုးဇက်တို့ နိုရာတို့ ဆော်လမွန်တို့လည်း အတူတူပဲ။ နောက်ထပ်ထည့်တာတွေမှာ ကွဲသွားတာတွေရှိတယ်။ မင်္ဓလာဆောင်ဓလေ့ထုံးတမ်းတွေလည်းတူတယ်။ စာကို ညာကနေ ဘယ်နောက်ပြန်ရေးပုံခြင်းတူတယ်။

ကဲ ဒါဆို ဘာလို့ စစ်ဖြစ်?

ကိုယ်တောင် မျိုးတူခြင်း ဖြစ်ကြတာ သူတို့လည်း ချချင်ချပေမပေါ့ လို့သာ သက်ပြင်းတိုးတိုးချရမှာပဲ။

အစ္စရေး (၄)

၁၉၄၈ အစ္စရေး က နိုင်ငံတည်ထောင်တယ်လို့ ကြေညာလိုက်တဲ့အချိန်တုန်းက အစ္စရေး ဧရိယာက နည်းနည်းလေးဗျ။ ပါလက်စတိုင်း အာရပ်တွေ အများစုနေတဲ့ (အခုပြဿနာတက်နေတဲ့ ) ဂါဇာကမ်းမြှောင်ဒေသ တို့ West Bank တို့ သူ့နိုင်ငံသစ်ထဲ မပါဘူး။ ဂါဇာက အီဂျစ်အပိုင်၊ West Bank က ဂျော်ဒန်နိုင်ငံပိုင်။

အစ္စရေးက ဂျူးတွေနေကြဆိုပြီး UN က ချပေးထားတဲ့နေရာကိုပဲ သူ့နိုင်ငံအဖြစ် ကြေညာတာ။ UN ရဲ့ ညံ့ဖျင်းပုံကလည်း ဂျူးတွေနေကြလို့ ချပေးတဲ့နေရာထဲမှာ ပါလက်စတိုင်းအာရပ်တွေရဲ့ သမိုင်းတလျှောက်နေခဲ့တဲ့ ရွာတွေရာချီပြီးပါနေတယ်။ UN ကတော့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ ပေါ့လေ။ အဲ့ဒီမှာ ပါလက်စတိုင်း အာရပ်တွေက သူတို့ရွာတွေကို ဂျူးနယ်မြေလို့ UN ကသတ်မှတ်လိုက်လို့ မကြေနပ်ကြဘူး။

အာရပ်နိုင်ငံတွေက UN က စီစဉ်တဲ့ အဲ့ဒီ ဂျူးဧရိယာလည်း လက်မခံဘူး။ တဖက်နဲ့တဖက်ပြဿနာတွေတက်၊ UN အစီအစဉ်နဲ့ နိုင်ငံအသီးသီးက ပြောင်းလာတဲ့ဂျူးတွေကရောက်ယုံရှိသေး၊ ဘယ်လိုအသက်ရှင်ရမှန်းမသိခင် ဒေသခံ ပါလက်စတိုင်းအာရပ်တွေနဲ့ ရန်ပွဲတွေဖြစ်ပေါ့၊ သဲကန္တာရကြီးထဲမှာနော်။ အစ္စရေးက နိုင်ငံသစ်အဖြစ်မကြေညာခင်တလလောက်အလို ၁၉၄၈ ဧပြီလထဲမှာ ပါလက်စတိုင်းအာရပ်ရွာတရွာကို ဂျူးအစွန်းရောက်လူငယ်တွေ က ဝင်ချတာ လူအတော်များများသေကုန်တယ်။ အဲ့ဒီမှာ ပါလက်စတိုင်းအာရပ်တွေက လန့်ပြီး နေရပ်စွန့်ခွါကြတယ်။ တဖက်မှာလည်းဂျူးတွေကတဖွဲဖွဲရောက်လာတယ်။

အစကတည်းက နိုင်ငံသစ်ထူထောင်ချင်တဲ့ ဇီယွန်နစ်ဝါဒီဂျူးတွေကလည်း သူတို့ကို UN ချပေးတဲ့နေရာကို ပြည်နယ်အဆင့်မဟုတ်ပဲ နိုင်ငံအဖြစ်တည်ထောင်ချင်တော့ ကြေငြာချလိုက်တယ်။

အစ္စရေးက နိုင်ငံအဖြစ် ကြေညာချက်က ပျော့ပျော့ပျောင်းပျောင်းရှိခဲ့တယ်။ သူတို့နိုင်ငံသစ်ဟာ ဘာသာမခွဲခြားပဲ ဒေသမှာရှိတဲ့ လူအားလုံးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း၊ ဘာသာစုံလူမျိုးစုံ လိင်မခွဲခြား၊ ဘာသာမခွဲခြားပဲ လွတ်လပ်မှုအပြည့်၊ တရားဥပဒေနဲ့အညီ နေထိုင်တဲ့ အစ္စရေးနိုင်ငံကို တည်ဆောက်ပါ့မယ်ပေါ့။ ဒါပေမယ့် နောက်တနေ့ စစ်ဖြစ်တော့တာပါပဲ။

တကယ်တော့ UN က အဲ့ဒီမှာနေတဲ့လူတွေကို စစ်လက်နက် ရောင်းချခွင့် ပိတ်ထားတာ။ ဒါပေမယ့် ဂျူးတွေရော အာရပ်တွေရောက တရားမဝင် ဖွက်ထားတဲ့လက်နက်တွေ ရှိတယ်၊ ဒုတိယကမ္ဘာစစ်အကြွင်းအကျန်ရော၊ နိုင်ငံတကာဂျူးတွေ ထောက်ပံ့တာရောနဲ့ စတိုက်ကြတာ။ ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာက အစ္စရေးဘေးက အီဂျစ်တို့ ဂျော်ဒန်တို့ ကလည်း နိုင်ငံသစ်ကလေးတွေ၊ သူတို့ကလည်း သမိုင်းအရ အရေးပါတဲ့ ပါလက်စတိုင်းနယ်မြေကို သူတို့နိုင်ငံသစ်ထဲ ထည့်ချင်ကြတယ်။ နိုင်ငံချဲ့ချင်ကြတာပေါ့၊ အစ္စရေးလို နိုင်ငံသစ်ကလေးကတော့ အေးအေးလေးသိမ်းနိုင်မယ်ပဲ ထင်ခဲ့ကြတာ။

အီဂျစ်ဦးဆောင်တဲ့ အာရပ်နိုင်ငံတွေက အစ္စရေးကိုသိမ်းဖို့လည်း ချီတက်လာကြရော၊ UN က ဟ မလုပ်ကြပါနဲ့၊ ညှိကြပါဦးဆိုပြီး ဝင်ပြီး ဟိုဘက်ဒီဘက်ကို တလ ရပ်ခိုင်းတယ်။ အာရပ်တွေက အစ္စရေးနိုင်ငံသစ်ကို ဝိုင်းထားတာပေါ့၊ အဲ့ဒါ ဂျူးတွေ ကံကောင်းသွားတယ်။ ဂျူးတွေဟာ အဲ့ဒီတလအတွင်း ချက်ကိုစလိုဗက်ကီးယားနိုင်ငံကနေ UN မသိအောင် ခိုးပြီး တလအတွင်း လက်နက်အပုံလိုက် သွင်းတယ်။ စတိုက်ရမယ့်နေရာတွေပြင်တယ်။ တလသာ UNက မရပ်ထားခဲ့ရင် ရောက်ခါစ ဂျူးတွေ အာရပ်တွေနဲ့ တိုက်ရင် ရှုံးမှာ။ တလအတွင်းလည်း ဘာမှ ညှိလို့ မရဘူး၊ တလပြည့်တာနဲ့ အစ္စရေးတွေ သူ့နယ်စပ်မျဉ်းကျော်ပြီး ပါလက်စတိုင်းအာရပ်တွေအခြမ်းက အရေးပါတဲ့မြို့တွေ တက်သိမ်းတော့တာပဲ၊ ပါလက်စတိုင်းအာရပ် ခုနှစ်သောင်းကျော် ထွက်ပြေးရတယ်။

အာရပ်တွေက နိုင်ငံစုံသာ အစ္စရေးကို ဝင်တိုက်ကြတာ… တနိုင်ငံနဲ့တနိုင်ငံ ပေါင်းတိုက်မယ့် စစ်ရေးဗျူဟာလည်း မရှိကြဘူး။ အီဂျစ်က ဂါဇာကိုအခြေပြုတဲ့ ပါလက်စတိုင်းအစိုးရသစ်ကြေညာတယ်။ ဒါကလည်း အဲ့ဒီနေရာ ဂျော်ဒန်အောက်ရောက်မသွားအောင် ဝင်ဦးတာ။

အစ္စရေးက စတိုက်တော့ အီဂျစ်ကို စစ်မျက်နှာဖွင့်ပြီး စချတယ်၊ အမြှောက်နဲ့ထု၊ လေယာဉ်နဲ့ပစ်၊ အီဂျစ်က အာရပ်နိုင်ငံတွေသူ့ကို ကူပါဦး အကူအညီတောင်းတယ်၊ ဘယ်သူမှ မကူနိုင်ကြဘူး၊ အီဂျစ်ဟာ ပါလက်စတိုင်းအာရပ်နယ်တွေထဲကနေ ဂါဇာအထိ ဆုတ်ပေးလိုက်ရတယ်၊ အီဂျစ်ဟာ သူ့နိုင်ငံထဲအထိ အစ္စရေးတွေဝင်သိမ်းမှာစိုးလို့ ဗြိတိသျှ ကိုအကူအညီတောင်းတယ်၊ ဗြိတိသျှ က အစ္စရေးနဲ့ စစ်ပြေငြိမ်းဖို့ စီမံပေးတယ်။ အီဂျစ်ရဲ့ ပါလက်စတိုင်းအစိုးရလည်း မထူထောင်နိုင်တော့ဘူး။

အစ္စရေးဟာ UN ခွဲခြားပေးတဲ့ ပါလက်စတိုင်းအာရပ်နယ်တွေကော၊ သူ့ အစ္စရေးနိုင်ငံသစ်ကောရဲ့ ၇၈% လောက် သိမ်းယူပစ်လိုက်တာပဲ။ သိပ်မကြာခင် အီဂျစ် နဲ့ စစ်ပြေငြိမ်း လက်မှတ်ထိုးတယ်၊ ဂျော်ဒန် ကို ဗြိတိသျှ က အစ္စရေးနဲ့စစ်ရပ်ဖို့ ပြောတဲ့ သူ့စကားကို နားထောင်လို့ သူပိုင်တဲ့ West Bank ကိုဂျော်ဒန်အပိုင် ပေးလိုက်တယ်။ နောက်အာရပ်အဖွဲ့ချုပ်ထဲပါတဲ့ လက်ဘနွန်၊ ဂျော်ဒန် နဲ့ ဆီးရီးယားကပါ အစ္စရေးနဲ့ ပြေငြိမ်းရေး လက်မှတ်ထိုးကြတယ်။ စစ်အတွင်း ပါလက်စတိုင်းအာရပ် ခုနှစ်သောင်းလောက် နေရပ်စွန့် ပြေးကြရတယ်။ ကုလသမဂ္ဂရဲ့ ပါလက်စတိုင်း၊ ဂျူးနယ်မြေ ခွဲနေထိုင်ရေးလည်း ဒီနေ့အထိ ပျက်သွားလေရော။

ကျွန်တော့်အမြင်ကတော့ UN က သေချာမလေ့လာပဲ ဂျူးတွေကို ပါလက်စတိုင်းရွာတွေထဲအထိ အပိုင်ပေးခဲ့တာ UN အမှား၊ UN မပါပဲ အာရပ်တွေနဲ့ မညှိပဲ ဇီယွန်နစ်ဝါဒီတွေ ရုတ်တရက်ချက်ခြင်း နိုင်ငံသစ်ဆန္ဒ အကောင်အထည်ဖေါ်တာ အစ္စရေးရဲ့ အမှား၊ အာရပ်တွေ နိုင်ငံစုံ အစ္စရေး သွားဝိုင်းပြီး သမိုင်းသစ် ပြဿနာဖြစ်လာတာ အာရပ်တွေအမှား၊ အစ္စရေးက အာရပ်တွေ သူ့ထပ်ဝင်တိုက်မှာစိုးလို့ ဂျော်ဒန်၊ ဆီးရီးယား၊ အီဂျစ်၊ လက်ဘနွန်နယ်စပ်တွေအထိ စစ်စခန်းဆောက်ပြီး ပါလက်စတိုင်းနယ်ထဲဝင်နေတာကို ပြန်ပြီး မညှိနှိုင်း အစ္စရေးလုံခြုံရေး အာမခံချက် မပေးနိုင်တာ နှစ်ဖက်အမှား။

ကြားထဲက ပါလက်စတိုင်းအာရပ်တွေ စစ်ပြေးနေရပ်စွန့်ခွါတွေဖြစ်၊ အစ္စရေးကို နာကြည်း၊ အစ္စရေးက ပါလက်စတိုင်းတွေ သူတို့ကို ဦးတာနဲ့ လက်စားပြန်ချေမှာပဲ ဆိုပြီးပိုထိမ်းချုပ်ဖို့ကြိုးစားတဲ့အနေအထားဟာ ဒီနေ့ ဟားမတ်စ်တွေ အစ္စရေးကို လူအုပ်နဲ့ ဝင်ချလို့ ဂျူးတွေက ငါတို့ထင်ထားတာမှန်တယ်၊ ဒီပါလက်စတိုင်းတွေကို လွှတ်ပေးလိုက်လို့ မရဘူး သူတို့နေရာကို ငါတို့ထိမ်းချုပ်ထားမှပဲ ဆိုပြီး ဂါဇာထဲ ဝင်တိုက်တဲ့ အခြေအနေရောက်လာပါတယ်။

အစ္စရေး (၅)

အစ္စရေးကို ထူထောင်တဲ့ ဝန်ကြီးချုပ်က ဒေးဗစ် ဘင်- ဂေါရီးယန်း၊ သူက ကာကွယ်ရေးဝန်ကြီးရာထူးပါတွဲယူထားတာ။ ဇီယွန်နစ်ဝါဒ (အစ္စရေးနိုင်ငံထူထောင်ရေးဝါဒပြင်းထန်သူ)။ သူက အစ္စရေး ရဲ့ 1948-49 တိုက်ပွဲအနိုင်တိုက်ခဲ့သူပေါ့။

၁၉၄၉ အစ္စရေး နဲ့ အာရပ်စစ်ပွဲပြီးတော့ ပါလက်စတိုင်းအတော်များများ အီဂျစ်၊ ဆီးရီးယား၊ ဂျော်ဒန်၊ ဂါဇာ စတဲ့နယ်စပ်တွေမှာ ဒုက္ခသည်ဖြစ်ကုန်တယ်။ သူတို့က တခါတခါ အစ္စရေးသိမ်းထားတဲ့ နယ်မြေတွေထဲက သူတို့မူလနေခဲ့တဲ့အိမ်တွေ ခိုးပြန်ပြီးလိုအပ်တဲ့ ပစ္စည်း ပြန်ယူတာ၊ သီးနှံစားပင်တွေ ယူတာ လုပ်ကြတယ်။ ပြဿနာတွေတက်ကြ၊ အမုန်းတွေပွါးကြနဲ့ Palestinian Fedayeen movement ခေါ်တဲ့ ပါလက်စတိုင်း အသေခံအဖွဲ့ ပေါ်လာတယ်။ ဒီအဖွဲ့က ဂျော်ဒန်ကနေ ဝင်ချလိုက်၊ ဂါဇာကနေ ထွက်ချလိုက်၊ လက်ဘနွန်ကနေ ဝင်ချလိုက်၊ တခါတခါ နယ်စပ်တွေမှာ ဟိုဖက်နိုင်ငံက လှမ်းပစ်နဲ့ အစ္စရေးဟာ မငြိမ်းချမ်းနိုင်ဘူး။

ဒီ 1949 အာရပ်- အစ္စရေး စစ်ပွဲမှာ အစ္စရေး ကို အီဂျစ်က ဦးဆောင်တိုက်ရာမှာ စစ်ရှုံးရတာနဲ့ ပတ်သက်ပြီး အီဂျစ်က စစ်ဗိုလ်တွေက သူတို့ဘုရင် ဖာရွခ် ကို အတော် မကျေမနပ်ဖြစ်ကြတယ်။ အစ္စရေးကို သွားတိုက်လို့သာ အမိန့်ပေးတယ်၊ သေချာစစ်ရေးအစီအစဉ်မချပေးနိုင်လို့ သူတို့ ရှုံးရတယ်ဆိုပြီး ဘုရင်ဖက် လှည့်လာတယ်။ ၁၉၅၂ မှာ တပ်က အာဏာသိမ်းပြီး ဘုရင်ကို ဖြုတ်ချတယ်။ ပထမတနှစ် ဗိုလ်ချုပ်ကြီး နာဂစ် တက်လာတယ်၊ နောက်ပိုင်းပြုတ်သွားပြီး နာဆာ သမ္မတ တက်ဖြစ်တယ်။

အစ္စရေးအပေါ် သဘောထားတင်းမာတဲ့ စစ်ဗိုလ် နာဆာ အီဂျစ်သမ္မတတက်ဖြစ်လာတာကို ဘင်-ဂေါရီးယန်း က အတော်စိုးရိမ်တယ်ဗျ၊ အဲ့ဒီတုန်းက အမေရိကန်၊ ပြင်သစ်၊ ဆိုဗီယက်၊ အင်္ဂလိပ်တွေနဲ့ အီဂျစ်က သံတမန်ရေး အတော်ကောင်းတယ်။ ကောင်းဆို… အီဂျစ်က တကမ္ဘာလုံး ရေကြောင်းဆက်သွယ်ရေးမှာ အရေးပါတဲ့ စူးအက်တူးမြောင်းပိုင်တဲ့ နိုင်ငံကိုး။ အီဂျစ်နိုင်ငံသစ်ကို အင်္ဂလိပ် ပြင်သစ်ကလည်း အတော် ထောက်ပံ့တယ်။ ဘာလို့ ထောက်ပံ့တာလဲဆိုတော့ စူးအက်တူးမြောင်းက ပြင်သစ်နဲ့ အင်္ဂလိပ်တွေဖေါက်ခဲ့ပြီး သူတို့က အီဂျစ်နယ်ထဲမှာ စူးအက်တူးမြောင်းကို အပိုင်စားရထားတာ။

ဘင်-ဂေါရီးယန်းဟာ နိုင်ငံကြီးတွေနဲ့ သူ့ရန်သူ အီဂျစ်ရဲ့ ဆက်ဆံရေးကို ဖျက်ချချင်တယ်။ နောင်တခါစစ်ဖြစ်ရင် အဲ့ဒီနိုင်ငံတွေက အစ္စရေးဖက် မပါကြမှာစိုးလို့။ သူက ( Esek Bish ) ဆိုတဲ့ လှို့ဝှက်စစ်ရေး စီမံကိန်းတခု နဲ့ အီဂျစ်ကို တိုက်ဖို့ လုပ်တယ်။ နောင်ကျ Lavon Affair လို့ခေါ်ကြတယ်။ ပြဿနာတွေအတော်တက်သွားတဲ့ စစ်ရေးစီမံချက်ပေါ့။

Lavon Affair က ဘာလဲဆိုတော့ အစ္စရေး ထောက်လှမ်းရေးက သူတို့မွေးထားတဲ့ အီဂျစ်နိုင်ငံသားဂျူး စပိုင်တွေနဲ့ အီဂျစ်မှာရှိတဲ့ အမေရိကန်၊ ပြင်သစ်၊ ဆိုဗီယက် စီးပွါးရေးလုပ်ငန်းတွေကို ဗုံးလိုက်ခွဲခိုင်းဖို့လုပ်တယ်။ ပြီးရင် အီဂျစ်အမျိုးသားရေးအစွန်းရောက်ဝါဒီတွေက လုပ်တာပါပေါ့၊ ဒါဆို အနောက်နိုင်ငံကြီးတွေက ဒေါကန်ပြီး အီဂျစ်နဲ့ပြဿနာတက်၊ သူတို့ စီးပွါးရေးတွေ ကြောက်ပြီးပြန် ရုတ်သိမ်းသွားမယ်ပေါ့။ ဖြစ်ချင်တော့ အဲ့ဒီအစီအစဉ်အတိုင်း ဗုံးလိုက်ခွဲနေတုန်း လုပ်တဲ့လူတွေ မိသွားရော။ စစ်လိုက်တော့ အစ္စရေးလက်ချက်ဆိုတာ ငြင်းမရဘူး။ အဲ့ဒီမှာ အစ္စရေးကို အမေရိကန်၊ အင်္ဂလန် က ဝိုင်းအပြစ်တင်ကြတယ်။

ဒီလောက်ဆို ကမ္ဘာမှာ အစ္စရေး ရဲ့ ထောက်လှမ်းရေး မော့ဆက်ဘယ်လောက်ခြေသွက်လဲ၊ မော့ဆက်ကို နိုင်ငံတွေ ဘာလို့ကြောက်ကြလဲ မြင်ကြရောပေါ့။

၁၉၅၅ ခုနှစ်မှာ အီဂျစ် နာဆာကလည်း အစ္စရေးကို ဆော်ဖို့ ကြီးအကျယ် ပြင်နေတယ်၊ အီဂျစ်ဟာ သူလိုအပ်တဲ့ စစ်လက်နက်တွေဝယ်ဖို့ ဆိုဗီယက်နဲ့ ဆိုဗီယက်လက်အောက်ခံ ယူဂိုဆလားဗီးယားကို ချည်းကပ်တယ်။ ယူဂိုဆလားဗီးယားက တိုက်လေယဉ်အစီး ၂၀၀ နဲ့တင့်ကားတွေ အမြှောက်တွေကို အီဂျစ်ကို ရောင်းပေးတယ်။ အစ္စရေး အတော်ခေါင်းခြောက်သွားတယ်။

၁၉၅၆ စူးအက်တူးမြောင်း ပြဿနာ။

အီဂျစ်သမ္မတ နာဆာဟာ ၁၉၅၆ ခုနှစ်မှာ သူ့နိုင်ငံထဲ ပြင်သစ် နဲ့ အင်္ဂလိပ်တွေပေါင်း ဆောက်ပြီး အခွန်ကောက်နေတဲ့ စူးအက်တူးမြောင်းကို ပြည်သူပိုင် သိမ်းလိုက်တယ်။ အစ္စရေးသင်္ဘောတွေလည်း စူးအက် နဲ့ တီရန်ရေလက်ကြား မဖြတ်ရဘူးဆိုပြီး ပိတ်ပစ်တယ်။

အင်္ဂလန် နဲ့ ပြင်သစ် က နာဆာ ဟာ မိတ်ကောင်းဆွေကောင်းမဟုတ်ဘူး ဆိုပြီး ဒေါကန်ပြီး အီဂျစ်ကို ဝင်တိုက်ဖို့ ပြင်တယ်။ ပြင်သစ်နဲ့ အင်္ဂလန်က အစ္စရေးကို မင်းအရင် ဝင်ချပေး၊ နာက်က ငါတို့ပါချမယ် လုပ်တယ်။ အစ္စရေးက အကြိုက်ပေါ့။ သုံးနိုင်ငံပြိုင်တိုက်လိုက်ရင် ယူဂိုဆလပ်လက်နက်တွေအကုန်မရောက်ခင်

အီဂျစ် ချိသွားမယ်ပေါ့။ အစ္စရေးက ဂါဇာကနေ မိုင်ရာချီတဲ့ အီဂျစ်ပိုင် ဆနိုင်းဒေသ ကို ဝင်သိမ်းပြီး စူးအက်တူးမြောင်းနားရောက်အောင် ချီလာတယ်။ ပြင်သစ်နဲ့ အင်္ဂလိပ်က စူးအက်တူးမြောင်းနားကဆိပ်ကမ်းကို လေကြောင်းချီတပ်မ နဲ့ သိမ်းတယ်။

အမေရိကန်က မလုပ်ကြဖို့ တားတယ်၊ စစ်အေးခေတ် ဆိုဗီယက်၊ ဗီယက်နမ်၊ ကိုရီးယားနဲ့ တိုင်ပတ်နေတဲ့အမေရိကန်ဟာ နောက်ကမ္ဘာစစ်တခု ဖြစ်မှာ စိုးနေတယ်။ ညူကလီးယားလက်နက်တွေကပေါ်နေပြီ။ ကုလသမဂ္ဂရဲ့အဆုံးအဖြတ်ခံကြပါလို့ တောင်းပန်တယ်။ ကုလသမဂ္ဂက ဝင် ဖြန်ဖြေပေးလို့ အင်္ဓလိပ်နဲ့ ပြင်သစ်က အိမ်ပြန်တယ်၊ အီဂျစ်ဆီကနေ တူးမြောင်းတော့ပြန်မရဘူး၊ လျော်ကြေးရတယ်။ အစ္စရေးက ခပ်တည်တည်ပဲ ဆက်နေတယ်။ အမေရိကန် က အတင်းပြန်ခိုင်းလို့ ဘင်-ဂေါရီးယန်းက မဆုတ်ချင်ဆုတ်ချင်နဲ့ မူလနေရာ ပြန်ဆုတ်တယ်။ အီဂျစ် အစ္စရေးနယ်စပ်မှာ UNက ငြိမ်းချမ်းရေး တပ်တွေလွှတ်ပေးလိုက်လို့ ပါလက်စတိုင်းအသေခံတွေ အစ္စရေးထဲ ဝင်ရခက်သွားတယ်။ အစ္စရေးနိုင်ငံတွင်း အတော်ငြိမ်သွားတယ်။ အစ္စရေး ရေလမ်းကြောင်းလည်း ပြန်ပွင့်သွားတယ်။ နယ်စပ်က ငြိမ်နေတော့ ၁၉၅၇ ကနေ ၁၉၆၇ အတွငိးအစ္စရေးဟာ တည်တည်ငြိမ်ငြိမ် စီးပွါးရေးလုပ်နိုင်လာတယ်။ အစ္စရေး- အာရပ် six days war အတွက် စစ်ရေး ပြင်လာတယ်။

အစ္စရေးအကြောင်းရေးနေရာကနေ ဟားမတ်စ် အကြမ်းဖက်အဖွဲ့အပေါ် အမြင်သဘောထား ပြောလိုပါတယ်။

ဟားမတ်စ် တွေဟာ ဂါဇာကမ်းခြေက ပါလက်စတိုင်းအာရပ်တွေကို ၂၀၀၆-၂၀၀၇ ခုနှစ်ကတည်းက အုပ်ချုပ်ပါတယ်။ လူ ၂ သန်းလောက်ကို အုပ်ချုပ်နေကြတယ်။

အစိုးရဖြစ်လာပေမယ့် ဂျူးမုန်းတီးရေး ကြီးတယ်။ နေ့တိုင်း ဒီဘက်ကမ်းက ဂျူး လူနေအိမ်ခြေတွေကို ရော့ကက်နဲ့ ထုနေတယ်၊ ကိုယ့်လူမျိုးကို ဂျူးမုန်းတီးရေးသွပ်သွင်းတယ်။ ဟားမတ်စ် ရဲ့ ဂျူးအပေါ် လူမျိုးရေးမုန်းတီးမှုဟာ ကြောက်စရာကောင်းတယ်။ နာဇီဟစ်တလာထက် ဆိုးတယ်။ နာဇီ ဟစ်တလာက ဂျူးတွေ သတ်ခဲ့တယ်၊ ဒါပေမယ့် ညကျမှ မီးဖြတ်ပြီး ဂျူးအိမ်တွေဝင်စီး၊ ထရပ်ကားတွေပေါ်အုပ်စူလိုက်တင်၊ လူတွေမသိအောင်ဆောက်ထားတဲ့ စခန်းတွေခေါ်ပြီး အဆိပ်ဓါတ်ငွေ့လွှတ်ပြီး တိတ်တိတ်လေးသတ်၊ လူမသိအောင် ကျင်းကြီးတွေထဲမြုပ်၊ ခြေရာလက်ရာဖျောက်ခဲ့တယ်။ အရာရာ ကမ္ဘာမသိအောင်ခြေရာမကျန်အောင် သတ်ခဲ့တာ။ လွတ်မြောက်လာတဲ့သူတွေ ပြန်ပြောလို့သာ သမိုင်းမှာ holocaust ဖြစ်စဉ်အဖြစ်မှတ်တမ်းတင်ကြတယ်။ ဟားမတ်စ် က ဟစ်တလာထက် ဘာလို့ဆိုးတယ်ပြောတာလဲ?

ဟိုတနေ့က အဖြစ်အပျက်ကိုပဲကြည့်… EDM ဂီတပွဲတော်ထဲလာတဲ့ လူငယ်တွေကို လည်လှီးတယ်၊ မုဒိန်းကျင့်တယ်၊ တွေ့သမျှ သတ်တယ်။ ကလေးတွေက လက်နက်မဲ့တွေ၊ သူ့ဘာသူ ပျော်နေကြတာ၊ ဘယ်သူ့မှ အန္တရာယ်ပြုနေကြတာမဟုတ်ဘူး။ မြို့တွေထဲဝင် မွေးစကလေးကို လည်လှီးသတ်တာတော့ နဲနဲနောနောလူမဆန်တာမဟုတ်ဘူး၊ ဖမ်းသွားတဲ့သူရဲ့ FB အကောင့်ကိုဖွင့်ပြီး live လွင့်သတ်ပြတယ်။ မိသားစု မိတ်ဆွေတွေ ရင်ကျိုးရောပေါ့။ မုဒိန်းကျင့်တယ်။ ဟစ်တလာက တိတ်တိတ်ခိုးသတ်တယ်၊ ဟားမတ်က live လွှင့်သတ်တယ်။ နှစ်ထောင်းအားရသတ်တယ်။ အခု ဂျူးတွေ ဟားမတ်စ်ရှေ့တန်းစီပေး….. မီဒီယာစုံခေါ် live လွှင့်ပြီး တယောက်မကျန် သတ်ပြမှာ။

ဒီတော့ အစ္စရေး ကလည်း ဟားမတ်စ်မှန်သမျှ သေလူပဲတဲ့။ အရပ်သားတွေ ဂါဇာက ထွက်ကြ၊ မြေပေါ်မှာ ဟားမတ်စ်နံမည်နောင်မပေါ်လာအောင် စစ်ဆင်မယ်တဲ့။ ကဲ ပြီးကြလေရော။ အခု အစ္စရေးစစ်တပ်က မြေပြင်ဝင်တော့မယ်။ လောလောဆယ် အရပ်သားတွေပြေးဖို့အချိန်ပေးထားတာ။

ဟားမတ်စ်ဟာ ကိုယ်အုပ်ချုပ်ရတဲ့ ဂါဇာက ဆေးရုံတွေအောက်မှာ လက်နက်တွေထားတယ်။ အစ္စရေးကထုရင် ဆေးရုံထုပါတယ်ပေါ့။ စာသင်ကျောင်းမြေအောက်တူးပြီးရုံးဖွင့်တယ်။ ဘယ်လို အုပ်ချုပ်သူပါလိမ့်။ ကိုယ့်အမျိုးကိုယ်ကော တကယ် ချစ်တာဟုတ်ရဲ့လား?

တဖက်နဲ့တဖက် စစ်ဖြစ်နေလို့ လက်နက်ကိုင်ချင်း ချတာ ချကြ၊ ဒါပေမယ့် အများပြည်သူ လူကြီးလူငယ်မရွေး လုပ်ပိုင်ခွင့်မရှိဘူး။ လူစိတ်ရှိရင် တဖက်နဲ့ တဖက် လက်နက်ကိုင်ရဲ့ လက်နက်မကိုင် မိသားစုတောင် လုပ်ခွင့်မရှိဘူး။ ကျွန်တော်တို့ မြန်မာတွေလည်း လူသားတွေရဲ့ မဖြစ်ချင်ပဲဖြစ်သွားကြတဲ့သမိုင်းဖြစ်စဉ် နဲ့ လူ့စိတ်သဘောထား၊ သွေးတို့ ကြွေးတို့နဲ့ အနာဂါတ် ပြဿနာတွေကို ပုံဖေါ်ကြည့်ပြီး ဆင်ခြင်ကြရပါမယ်။

ဂျူးနဲ့ အာရပ်တွေ နယ်မြေ ပြဿနာတက်နေတာ နှစ် ၇၀ ကျော်ပြီ၊ နှစ်ဖက်ခေါင်းဆောင်တွေမှာ အေးအေးချမ်းချမ်းနေချင်ကြသူတွေ ရှိတယ်၊ PLO ခေါင်းဆောင် ယာဆာ အာရာဖတ်တို့ အစ္စရေးဝန်ကြီးချုပ် ရစ်ဇတ်ရောဘင် တို့ ကမ္ဘာသိ ညှိနှိုင်းကြ သဘောတူခဲ့ကြတာတွေ ရှိတယ်။ အစ္စရေးက ယာဆာအာရာဖတ် ရဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ ကို ဂါဇာ နဲ့ အနောက်ဘက်ကမ်းကို ငါးနှစ်အုပ်ချုပ်ပါ၊ အဲ့ဒီကာလအတွင်း ပါလက်စတိုင်းအာရပ်တွေရဲ့ မူလနေရာတွေ၊ ဂျေရုဆလင်မြို့ရဲ့ အစ္စလာမ်၊ ခရစ်ယာန်၊ ဂျူး ခွဲဝေအုပ်ချုပ်မှုတွေ၊ ဒုက္ခသည်တွေပြန်ဝင်လာရေးတွေ ညှိမယ် ဘာညာ သဘောတူထားတယ်။ ကမ္ဘာကလည်း PLO ကို ပါလက်စတိုင်း အစိုးရဖြစ်လာအောင် ထောက်ပံ့ရေးတွေပေး၊ ကူညီ။ ဒါတွေကို ဟားမစ်တို့က သဘောမတူဘူး၊ အစ္စရေးမှန်သမျှ ပါလက်စတိုင်းဒေသကထွက်ရမယ် ဆိုပြီး ဆက်ချကြတယ်။ ငြိမ်းချမ်းရေးလက်မှတ်ထိုးတာမှ မှင်မခြောက်သေး၊ ဂျူးတွေကို အသေခံဗုံးခွဲပြန်ရော။ ဟစ်ဘိုလာက ဝင်တိုက်ပြန်ရော။ ဂျူးတွေက PLO ကို မင်းတို့ ကိုယ့်လူကိုယ်မထိမ်းနိုင်ရင် ငါတို့ထိမ်းမယ်ဆိုပြီး ဂါဇာထဲဝင်ဖမ်း၊ အဆောက်အဦးတွေဖြိုနဲ့ ငြိမ်းချမ်းရေး ပျက်ပြန်လေရော။

လွှတ်လိုက်တာနဲ့ ပြဿနာတက်၊ လျော့လိုက်တာနဲ့ အသေခံဗုံးခွဲ ဆိုတော့ ကြားထဲကမွေးလာသမျှသော ပါလက်စတိုင်းအာရပ်တွေ ဒုက္ခရောက်ရော။ ကျောင်းမတက်ရ၊ စီးပွါးရေးမလုပ်ရ။ မွေးလာကတည်းက ဂါဇာက ဘယ်မှ ထွက်မရ၊ အတွေးအခေါ်တွေက အနာပေါ်အခြေခံတဲ့အတွေးအခေါ်။ ဂျူးကိုမုန်း၊ ဒီလိုနဲ့ ဟိုဖက်ဒီဖက် သမိုင်းက တပတ်လည်။ ဒါတွေဟာ တကယ်တော့ ဘာသာရေးနဲ့ဘာမှ မဆိုင်ဘူး။ ဘာသာရေးဗန်းပြ၊ အမုန်းတရားနဲ့ လုပ်ချင်ရာလုပ်ကြတာ။

ကိုယ့်အနေနဲ့ ပါလက်စတိုင်းအာရပ်တွေလည်း မမုန်းဘူး၊ သူတို့နေအိမ်တွေဆုံးရှုံး၊ နယ်မြေတွေဆုံးရှုံး၊ လှေင်အိမ်တဲ့နေရတဲ့ဒုက္ခ၊ လူလိုမနေရတဲ့ ဒုက္ခ ကိုလည်း ကိုယ်ချင်းစာတယ်။ တကယ် ကမ္ဘာကိုသက်သေထူ၊ အုံနဲ့ကျင်းနဲ့ ညှိကြရင်လည်း ဂျူး ၇ သန်းလောက်အနေနဲ့ မလိုက်လျောလို့မရဘူး။ ဆုံးရှုံးမှုတွေ ပြန်ရအောင်၊ လူသားအခွင့်အရေးတွေ ပြန်ရအောင် လုပ်လို့ရမယ်လို့ယုံကြည်တယ်။ ပါလက်စတိုင်းအာရပ်တွေ လူ့အခွင့်အရေးပြန်ရဖို့က တကန့်၊ အစွန်းရောက်မုန်းတီးမှု သတ်ဖြတ်မှု သွေးထိုးမှုတွေက တကန့်… အကန့်ခွဲကြည့်မိတယ်။

ဘာပဲပြောပြော… အစ္စရေးကတော့ ဟားမတ်စ်ကို မြေကုန်ရှာ အပြတ်ရှင်းမှာပဲ။ ပြုလုပ်ခဲ့တဲ့ ကံရဲ့အကျိုးဆက်သာ ခံကြပေတော့။မဆိုင်သူများ ဘာသာမရွေး၊ လူမျိုးမရွေးဘေးကင်းကြပါစေ ဆုတောင်းပါတယ်။

အပိုင်း (၃) ဆက်ရန်>>

မှတ်ချက်။ ၂၀၂၃ ခုနှစ်၊အောက်တိုဘာလမှာ ဆရာကျော်စွာမင်း ရေးသားခဲ့တဲ့ “အစ္စရေးအကြောင်း” (၁-၁၀) မှာ (၄-၅) ကို အပိုင်း-၂ အဖြစ် ဖော်ပြလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *