
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင်းမှာ လုံခြုံရေးအခြေအနေတွေကြောင့် ည (၇) နာရီနောက်ပိုင်း ကုန်စည်တင်မော်တော်ယာဉ်တွေအနေနဲ့ မြို့တွင်းဖြတ်သန်းသွားလာခြင်း ညအိပ်ရပ်နားခြင်းတွေမပြုလုပ်ရဆိုတဲ့ စည်းကမ်းချက်တွေအပါအဝင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တချို့ကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၂ ရက်နေ့ ရက်စွဲနဲ့ ဒီကနေ့ ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က “ည(၇)နာရီနောက်ပိုင်း ကုန်တင်ယာဉ်တွေ မြို့တွင်းဖြတ်သန်းသွားလာတာ၊ ညအိပ်မရပ်ခိုင်းတာက လုံခြုံရေးအရစည်းကမ်းထုတ်တာပါ။ မြို့သိမ်းပြီးနောက်ပိုင်း မြို့တွင်းမှာ ၃ ကြိမ်လောက် ယာဉ်မတော်တဆမှု ဖြစ်တယ် ပြင်းထန်ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး မင်းတပ် – မတူပီကားလမ်းမှာတော့ မြို့သိမ်းပြီးနောက်ပိုင်း ယာဉ်မတော်တဆမှုတွေ ၅ ကြိမ်လောက်ဖြစ်တယ်။ ကားပျက်စီးဆုံးရှုံးတာတွေ၊ ထိခိုက်ဒဏ်ရာကြီးမာတာတွေလည်း ရှိခဲ့တယ်” လို့ ေပြာပါတယ်။
မည်သည့်မော်တော်ယာဉ် (ယာဉ်ကြီး၊ ယာဉ်ငယ်) နဲ့ မော်တော်ဆိုင်ကယ်များ မောင်းနှင်သူတွေအနေနဲ့ မြို့တွင်းမှာ သတ်မှတ်ထားတဲ့ ၁ နာရီ မိုင် (၂၀) နှုန်းထက်ကျော်လွန် မောင်းနှင်ခြင်းမပြုရန် နှင့် အသက် (၁၅) နှစ်အောက် ကလေးသူငယ်တွေ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တွေ စီးနင်းမောင်ခြင်း မပြုရန်နှင့် လိုက်နာခြင်းမရှိသူတွေကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ပြဌာန်းထားတဲ့ စည်းကမ်းတွေကို အလေးနက်ထားလိုက်နာကြဖို့နဲ့ လိုက်နာခြင်းမရှိပါက ကြားကာလပြည်သူ့အုပ်ချုပ်ရေး ဥပဒေနှင့်အညီ အရေးယူခြင်းခံရမယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ CDF – Mindat ပါဝင်တဲ့ ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက မင်းတပ်မြို့ကို စစ်ကောင်စီလက်ထဲကနေ အပြီးသိမ်းပိုက်ခဲ့ပြီး လက်ရှိမင်းတပ်မြို့နယ် အုပ်ချုပ်ရေးကိုလည်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆက်လက်အကောင်ထည်ဖော် ဆောင်ရွက်နေပါတယ်။
