Headlines

မြန်မာပြည်မှ လက်နက်ကိုင်များ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လှုပ်ရှားမှုနဲ့ နယ်စပ်မူးယစ်ဆေးဝါးမှောင်ခိုမှုများကို မီဇိုရမ်ပြည်နယ်လုံခြုံရေးညှိနှိုင်းအစည်းအဝေးမှာ ဆွေးနွေး

ဇွန်လ ၁၀ ရက်။

မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်အဖွဲ့များရဲ့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုနဲ့လှုပ်ရှားမှုပြသနာများ၊ မြန်မာ – အိန္ဒိယနယ်စပ်ဖြတ်ကျော်မူးယစ်ဆေးဝါးကုန်သွယ်မှုကိစ္စများနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်လုံခြုံရေးကောင်စီ၊ ညှိနှိုင်းရေးကော်မတီရဲ့ ပထမဆုံးအစည်းဝေးမှာ ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ကိုယ်တိုင်ပါဝင်တက်ရောက်ကာ အလေးအနက်ဆွေးနွေးကြပြီးနောက်  ပြည်တွင်းနယ်နိမိတ် ဝင်ခွင့်ပါမစ် (ILP) စနစ်ကို တင်းကြပ်ရန် ဝန်ကြီးချုပ်ကိုယ်တိုင်မှာကြားခဲ့ကြောင်း ဇွန်လ (၁၀) ရက်နေ့တွင် India Today သတင်းဌာနကဖော်ပြပါတယ်။

လုံခြုံရေးကောင်စီ၏ ညှိနှိုင်းရေးကော်မတီအစည်းအဝေးတွင် မူးယစ်ဆေးဝါးမှောင်ခိုမှုဟာ မီဇိုရမ်ပြည်နယ်တွင် အကြီးဆုံး ရာဇဝတ်မှုဖြစ်လာတယ်လို့ဆွေးနွေးကြပြီး ၂၀၂၄ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဥပဒေ (ND&PS Act) အရ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အမှုပေါင်း ၃၃၈ မှု၊ ၂၀၂၅ ခုနှစ် မေလကုန်အထိ အမှုသစ် ၁၁၄ မှု ရှိနေပြီဖြစ်ပြီး တရားမဝင်မူးယစ်ဆေးဝါး အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း ယင်းတို့တွင် မက်သမ်ဖက်တမင်းဆေးပြား ၆၄၈ ကီလိုဂရမ်ကျော်၊ ရူပီး ၈၄ ကုဋေခန့် တန်ဖိုးရှိတဲ့ ဆေးပြားများနဲ့ ၁၅.၅ ကုဋေခန့် တန်ဖိုးရှိသော Crystal Meth (အခဲ) ၅ ကီလိုဂရမ်ကျော် ပါဝင်တယ်လို့ သက်ဆိုင်ရာကော်မတီဝင်တွေက တင်ပြခဲ့ကြပါတယ်။

အဲဒီအပြင် မီဇိုရမ်ပြည်နယ်အတွင်း ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ ပြစ်မှုများမှ ကာကွယ်တဲ့ ဥပဒေအောက်ကနေ ကိုင်တွယ်ဖြေရှင်းရတဲ့ အမှုများလည်းတိုးလာသကဲ့သို့ လူကုန်ကူးတဲ့ ပြသနာဟာလည်း စိုးရိမ်စရာပြသနာတစ်ခုဖြစ်လာတယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ်မှာ လူကုန်ကူးမှု ၄၇ မှုသတင်းလက်ခံရရှိပြီး ၅၆ ဦးကိုဖမ်းဆီးခဲ့ကြောင်း၊ ယခုနှစ်မေလအထိ အမှုပေါင်း ၃၄ ခုကိုတရားစွဲဆိုထားပြီး ၅၁ ဦးကိုဖမ်းဆီးထားတယ်လို့ဆိုပါတယ်။

ထို့အပြင် မဏိပူရ်ပြည်နယ်အတွင်းဖြစ်ပွားတဲ့ပဋိပက္ခများကြောင့် ထွက်ပြေးလာသူများအတွက် စီစဉ်ပေးတဲ့ One Nation, One Ration Card အစီအစဉ်ကိုလည်း ပြန်လည်သုံးသပ်ပြီး မည်ကဲ့သို့ ပိုမိုကောင်းမွန်စွာဆောင်ရွက်သင့်ကြောင်းနဲ့ မီဇိုရမ်ပြည်နယ်ကို လာရောက်လည်ပတ်လိုတဲ့ နိုင်ငံခြားသား ခရီးသွားများအတွက် လုပ်ငန်းစဉ်ကို ပိုမိုလွယ်ကူအောင် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ India Today မီဒီယာမှာဖော်ပြပါတယ်။

မီဇိုရမ်ပြည်နယ်လုံခြုံရေးကောင်စီ၊ ညှိနှိုင်းရေးကော်မတီကို မီဇိုရမ်ပြည်နယ်ရဲ့နယ်နိမိတ်များကို ကာကွယ်ရန်နဲ့ ပြည်နယ်ရဲ့အလုံးစုံလုံခြုံရေးကိုအာမခံနိုင်ရန်အတွက် ဌာနအသီးသီးနဲ့အေဂျင်စီများ ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေဖို့ရည်ရွယ်ပြီး ဖွဲ့စည်းတဲ့အဖွဲ့ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *