Headlines

မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်တဲ့ စစ်ရှောင်များရဲ့ ဇီ၀ဆိုင်ရာအချက်အလက်မှတ်ပုံတင်ခြင်းကို ဇူလိုင်လ စလုပ်မယ်

ဇွန်လ ၂၅ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ်တွင်းရှိ ခရိုင် (၁၁) ခုစလုံးတွင် မြန်မာနိုင်ငံဖက်ကနေ လာရောက်နေထိုင်တဲ့ စစ်ရှောင်များရဲ့ ဇီ၀အချက်အလက် (biometric) မှတ်ပုံတင်ခြင်းကို ဇူလိုင်လ ကနေစတင်လုပ်ဆောင်မှာဖြစ်တယ်လို့ ဒီကနေ့ ဇွန်လ (၂၅) ရက်နေ့မှာ Northeast Today မီဒီယာကဖော်ပြပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရစာရင်းအရစာရင်းအရ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံကနေ စစ်ဘေးရှောင်လာသူ ဦးရေ ၃၂၀၀၀ ကျော်ရှိတယ်လို့ပြောဆိုထားပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန် Vanlalmawia က “အမျိုးသားသတင်းအချက်အလက်စင်တာ (National Informatics Centre – NIC)  ဖော်ဆောင်ထားတဲ့ နိုင်ငံခြားသားများ ခွဲခြားသတ်မှတ်ရေး ပေါ်တယ်လ် (Foreigner Identification Portal) မှတစ်ဆင့် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်မှာဖြစ်ပြီး ပြင်ဆင်မှုအားလုံး ပြီးစီးနေပြီးဖြစ်သလို ခရိုင်အရာရှိများကိုလည်း လေ့ကျင့်ပေးထားပြီးပါပြီ”လို့ပြောပါတယ်။

စစ်ဘေးရှောင်များရဲ့ အချက်အလက်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ဒုတိယကော်မရှင်နာများဦးဆောင်တဲ့ ခရိုင်အဆင့်ကော်မတီများက ဆောင်ရွက်မှာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး K.Sapdanga ဦးဆောင်တဲ့ ပြည်နယ်အဆင့် ကော်မတီက မှတ်ပုံတင်ရေးလုပ်ငန်းအားလုံးကို ကြီးကြပ်ကွက်ကဲသွားမှာဖြစ်ပါတယ်။

ယခုစီမံကိန်းကို အဓိကအားဖြင့် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းပြီးနောက် မီဇိုရမ်ပြည်နယ်ကိုတိမ်းရှောင်လာသူမှန်သမျှကို မှတ်တမ်းတင်ဖို့ရည်ရွယ်ထားခြင်းဖြစ်ပြီး လုပ်ငန်းအကောင်အထည်ဖော်ရန်အတွက် ဗဟိုပြည်ထဲရေးဝန်ကြီးဌာကပေးပို့လာတဲ့ အချက်အလက်စုဆောင်းမှုပုံစံ (format) တွင်ပြသနာအချို့ရှိခဲ့ခြင်းကြောင့် နှောင့်နှေးခဲ့တယ်လို့ဆိုပါတယ်။ ဒါကြောင့် မီဇိုရမ်ပြည်နယ်တွင်းသို့ နေရာရွှေ့ပြောင်းနေထိုင်သူများရဲ့ အခြေအနေနဲ့ကိုက်ညီမယ့်ပုံစံကို ပြန်လည်ပြင်ဆင်ပြီးနောက် ဇူလိုင်လကစပြီး လုပ်ငန်းစတင်မှာဖြစ်တယ်လို့ Northeast Today မှာဖော်ပြပါတယ်။

စစ်ရှောင်များရဲ့ ဇီ၀အချက်အလက်ကောက်ယူမှုနဲ့ပတ်သက်ပြီး NIC အရာရှိများက ဇွန်လကုန်မှာ နောက်ဆုံးအကြိမ်လေ့ကျင့်မှုများကို ပြုလုပ်ရန်စီစဉ်ထားပြီး မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဇူလိုင်လအစောပိုင်းတွင် တရားဝင်စတင်နိုင်မယ်လို့ ဆိုပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရဲ့ တရားဝင်စာရင်းအရ Champhai ခရိုင်တွင် မြန်မာနိုင်ငံသား ၁၃,၅၈၆ ဦးဖြင့် အများဆုံး လက်ခံထားရှိပြီး၊ Lawngtlai ခရိုင်တွင် ၆,၀၁၇ ဦး၊ Siaha ခရိုင်တွင် ၅,၀၃၆ ဦးနဲ့ Aizawl ခရိုင်တွင် ၃,၆၆၉ ဦးတို့ကိုလက်ခံထားပြီး Kolasib ခရိုင်တွင် ၁၂၉ ဦးဖြင့် အနည်းဆုံး ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *