Headlines

မီဇိုရမ်ပြည်နယ်အတွင်း နေရာပေါင်း ၇၆၉ နေရာမှာ မြေပြိုမှုဖြစ်ပွားကာ ချင်းစစ်ရှောင်ဒုက္ခသည် ၃ ဦးအပါအ၀င် ၅ ဦးသေဆုံး၊နေအိမ်စုစုပေါင်း ၂၇၂ လုံးပြိုကျ၊မိသားစု ၄၅၂ စုကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ

ဇွန်လ ၇ ရက်။

မေလ ၃၀ ရက်ကစပြီးအိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်အဝန်း နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် မီဇိုရမ်ပြည်နယ်အတွင်း နေရာပေါင်း ၇၆၉ ခုမှာ မြေပြိုမှုများနဲ့ရွှံ့မြေပြိုမှုဖြစ်ပွားခဲ့တယ်လို့ မီဇိုရမ်ပြည်နယ်၊ သဘာဝဘေးစီမံခန့်ခွဲမှုနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနရဲ့ ပြည်နယ်အရေးပေါ်လုပ်ငန်းဆောင်ရွက်ရေးဌာနရဲ့ ဇွန်လ (၅) ရက်နေ့အထိထုတ်ပြန်ချက်ကို ဒေသတွင်းအခြေစိုက်သတင်းဌာနတွေကဖော်ပြထားပါတယ်။

ထိုသို့ ရေကြီး၊ မြေပြိုမှုများကြောင့် မိသားစု ၄၅၂ စုကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရပြီး ယင်းတို့အနက် ၃၃၈ စုမှာ မြေပြိုမှုကြောင့် ၎င်းတို့၏နေအိမ်နေရာများ အန္တရယ်ရှိလာသဖြင့်ရွှေ့ပြောင်းခြင်းဖြစ်ပြီး မိသားစု ၁၁၄ စုမှာရေကြီးမှုကြောင့် ရွှေ့ပြောင်းပေးခဲ့ရတာဖြစ်တယ်လို့ India Today သတင်းဌာနက ဇွန်လ (၆) ရက်နေ့မှာ ဖော်ပြထားပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းပြီး မြေပြိုမှုများကြောင့် နေအိမ်စုစုပေါင်း ၂၇၂ လုံးပြိုကျခြင်း၊ ပျက်စီးခြင်းများဖြစ်ပွားခဲ့ရပါတယ်။ ထိုသို့ မြေပြိုမှုများ၊ ရေကြီးမှုများ၊ နေအိမ်ပြိုကျမှုများနဲ့ အခြားသဘာဝဘေးကြောင့် မြန်မာနိုင်ငံက စစ်ရှောင်ဒုက္ခသည် ငါး ဦးသေဆုံးခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူများကလည်း အတည်ပြု ပြောကြားခဲ့ပါတယ်။ ထိုသို့သေဆုံးမှုတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်းအပါအဝင်ဖြစ်ပါတယ်။

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒင်းကျေးရွာနဲ့ ကာကီကျေးရွာက ပလက်ဝစစ်ဘေးရှောင်များရဲ့ နေအိမ်အလုံး ၁၀၀ ကျော်မှာ လည်း ရေဘေးကြောင့်နစ်မြုပ်ခဲ့ရသလို စစ်ဘေးရှောင်ပြည်သူများအတွက် အခြေခံစားနပ်ရိက္ခာနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ဆေးဝါးများလိုအပ်လျက်ရှိတယ်လို့သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုခြင်း၊ အဆောက်အဦးပြိုကျခြင်းမှုများကြောင့် လူထိခိုက်သေဆုံးမှုရှိလာတဲ့အတွက် ဇွန်လ (၂) ရက်ကတည်းက ကျောင်းသူ/ကျောင်းသားများ ဘေးကင်းလုံခြုံရေးအတွက် ပညာရေးနဲ့အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများကကျောင်းများပိတ်ကြောင်း ကြေညာထားပါတယ်။

မီဇိုရမ်ပြည်နယ်အပါအဝင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်တွေမှာ နေ့စဉ်ရက်ဆက်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး၊ မြေပြိုခဲ့ပြီး မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေတဲ့ ချင်းစစ်ဘေးရှောင် ၃ ဦးနဲ့ ဒေသခံ နှစ်ဦး အပါအဝင် အရှေ့မြောက်ပိုင်းပြည်နယ်တွေမှာ လူ ၃၄ ဦးထက်မနည်းသေဆုံးခဲ့ကာ လူထောင်ပေါင်းများစွာ ပိတ်မိလျက်ရှိကြောင်း အိန္ဒိယသတင်းမီဒီယာများက ဖော်ပြပါတယ်။

မီဇိုရမ်ပြည်နယ်အတွင်းရှိ မြို့တော်အိုင်ဇောလ်အပါအဝင် ခရိုင်အချို့ရှိ မြို့များ၏ ရေအရင်းအမြစ်များ မှ မြို့တွင်းသို့ ရေများသွယ်ယူခြင်းလုပ်ငန်းများလည်း ရေကြီးခြင်း၊ မြေပြိုမှုများကြောင့် များစွာပျက်စီးခဲ့တဲ့အတွက် ဒေသခံပြည်သူများအနေနဲ့ မိုးရေကိုသိုလှောင်အသုံးပြုကြဖို့ပြည်နယ်အစိုးရက ပြည်သူများကိုတိုက်တွန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *