
ဇွန်လ ၂၅ ရက်။
အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ထဲဝင်ရောက်ပြီး မူးယစ်ဆေးဝါး အရောင်းဝယ်လုပ်တဲ့ မြန်မာနိုင်ငံသားတစ်ဦးကို လောင်တလိုင်ခရိုင်အခြေစိုက် ဗဟိုလိုင်လူငယ်အသင်း (CYLA) က မြန်မာနိုင်ငံဘက်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က ပြန်ပို့လိုက်တယ်လို့ သိရပါတယ်။
လောင်တလိုင်ခရိုင်မှာ နေထိုင်သူတစ်ဦးက “မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုနဲ့ ၂၁ ရက်နေ့က CYLA ရဲ့မူးယစ်ဆေးဝါးလျှော့ချရေးအဖွဲ့ Drug Squad က နယ်စပ်အထိ ပို့လိုက်တယ်လို့ကြားတယ် သူက စစ်ရှောင်တော့မဟုတ်ဘူး ဒီမှာ စီပွားရေးလာလုပ်ပြီး နေတဲ့သူမျိုးလို့ လို့သိရတယ်” လို့ပြောပါတယ်။
မြန်မာနိုင်ငံပြန်ပို့ခံရတဲ့ အဆိုပါအမျိုးသားဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ – တမူးမြို့ကြားက ဇိုမွှန်ကျေးရွာနေ ဒေသခံတစ်ဦးလို့လည်း သိရပါတယ်။
ဇွန်လ ၂၄ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် ကျန်ဖိုင်မြို့ပေါ်မှာ အရက်သေစာသောက်စားပြီး မူးယစ်ရမ်းကားပြီး ပြဿနာရှာတဲ့ မြန်မာစစ်ဘေးရှောင်လူငယ် ၂ ဦးကို ဇွန်လ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာနိုင်ငံပြန်ဖို့ ဒေသတွင်း မီဇိုလူငယ်အသင်း(YMA)ကအသိပေးတာမျိုးရှိခဲ့သလို ဇွန်လ ၁၈ ရက်နေ့ကလည်း ကျန်ဖိုင်မြို့ နယူးကျန်ဖိုင် ၊ Helipad ရပ်ကွက်နေ မြန်မာစစ်ဘေးရှောင်တစ်ဦးဟာလည်း အရက်သောက်ပြီး ရမ်းကားတာကြောင့် YMA က မြန်မာပြည်ပြန်ဖို့ မောင်းထုတ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်း တိုက်ပွဲပဋိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ခြင်းထိစပ်နေတဲ့ ချင်းပြည်နယ်ကဒေသခံပြည်သူများစွာဟာ အိန္ဒိယဘက်ခြမ်းကို စစ်ဘေးရှောင်နေထိုင်ခဲ့ကြရပါတယ်။
