
မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကိုရောက်လာတဲ့ ဒုက္ခသည်များဟာ နိုင်ငံသားခံယူလိုခြင်းမဟုတ်ပဲ အသိအမှတ်ပြုမှုနဲ့အကာအကွယ်ရရှိဖို့ဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်တာမျိုးကို မလေးရှား အာဏာပိုင်များအနေနဲ့ မပြုလုပ်ဖို့မျှော်လင့်ကြောင်း ကမ္ဘာ့ဒုက္ခသည်များနေ့နဲ့ပတ်သက်ပြီး ဇွန်လ (၁၆) ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှားအခြေစိုက် ချင်းဒုက္ခသည်တွေအရေးကူညီပံ့ပိုးနေတဲ့ Alliance of Chin Refugee (ACR)အဖွဲ့ဥက္ကဌ James Bawi Thawng Bik က တောင်းဆိုပြောကြားပါတယ်။
ACR ဥက္ကဌ James Bawi Thawng Bik က မလေးရှားရောက်ရှိသူတွေဟာ မလေးရှားနိုင်ငံအတွင်း နေထိုင်စဉ် ဒုက္ခသည်အဆင့်အတန်းအသိအမှတ်ပြုမှု ရရှိဖို့နဲ့ အကာအကွယ်ရဖို့ဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခြင်းမျိုးကို မလေးရှား အာဏာပိုင်များအနေနဲ့ မပြုလုပ်ရန် မျှော်လင့်ကြောင်း၊ နေရပ်ပြန်လျှင် မလုံခြုံတဲ့ အန္တရယ်ဒုက္ခနဲ့ အသက်သေဆုံးခြင်းသာလျှင် ရွေးချယ်စရာရှိကြောင်းပြောကြားခဲ့ပြီး မေလ (၂၈) ရက်နေ့က အထောက်အထားမဲ့နေထိုင်မှုနဲ့ မလေးရှားအာဏာပိုင်များကဖမ်းဆီးပြီး မြန်မာနိုင်ငံကိုပြန်ပို့တဲ့ ဒုက္ခသည်များကို စစ်ကောင်စီက ဖမ်းဆီးခဲ့မှုများကို ဥပမာပေးပြီး ပြောကြားခဲ့ပါတယ်။
James Bawi Thawng Bik က “ လေဆိပ်ကို ပြန်မရောက်လာကြလို့ သူတို့မိသားစုဝင်တွေက ပြန်လိုက်ရှာနေကြရတယ်။ အဲဒီအဖွဲ့ကို ဘယ်ကို ခေါ်သွားတယ်ဆိုတာ ဘယ်သူမှ မသိဘူး၊ ဒါက လူတွေကို ပြန်ပို့လိုက်တဲ့အခါ ဘာတွေဖြစ်လာတယ်ဆိုတဲ့ ရက်စက်တဲ့ လက်တွေ့အခြေအနေပါပဲ” လို့ပြောပါတယ်။
သူကဆက်ပြီး “မြန်မာပြည်မှာ နေထိုင်ရတာ ဘယ်ချိန်သေမယ်ဆိုတာ မသိရဘူး။ မိသားစုဝင်တချို့ ညစာစားနေတုန်း ကျည်ဆံမှန်လို့ ဖခင် သေရတာမျိုးတွေ ရှိတယ်။ ဒါက လက်တွေ့ပဲ” လို့ပြောပါတယ်။
မြန်မာနိုင်ငံကနေ အထောက်အထားမဲ့ရောက်လာတဲ့သူတွေကို ဖမ်းဆီးတာမျိုးကို မငြင်းလိုပေမယ့်လည်း မြန်မာနိုင်ငံကို ပြန်ပို့တာမျိုးကိုတော့ မလုပ်ဖို့ မလေးရှားပြည်သူများကိုလည်း တောင်းဆိုကြောင်း သတင်းစာရှင်းလင်းပွဲမှာ James Bawi Thawng Bik ကပြောပါတယ်။
အဖမ်းခံရပြီး ပြန်လည်ပို့ဆောင်ခံရသူများဟာလည်း အခြားနိုင်ငံများ၊ အထူးသဖြင့် မလေးရှားကို ဝင်ရောက်ရန် နည်းလမ်းများကို ဆက်လက်ရှာဖွေနေဦးမှာဖြစ်ကြောင်း၊ အမှန်တကယ်တမ်းဆိုရင် မိမိတို့အားလုံးမှာ ကိုယ့်အိမ်ကိုယ့်နေရပ်ကိုပြန်ချင်နေနေကြတာဖြစ်တဲ့အတွက် အာဆီယံဥက္ကဌဖြစ်တဲ့ မလေးရှားအနေနဲ့ ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းရေးရရန် ကူညီပေးပြီးနောက် ကျွန်တော်တို့ပြန်သွားနိုင်ဖို့အတွက် မေတ္တာရပ်ခံတယ်လို့ James Bawi Thawng Bik ကပြောပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ပါဝင်တဲ့ Selayang Rohingya Community ခေါင်းဆောင်တစ်ဦးဖြစ်သူ Rafik Ismail ကလည်း မြန်မာနိုင်ငံကို ပြန်အပို့ခံရတာထက်စာရင် မလေးရှားမှာပဲ ထိန်းသိမ်းခံရတာဟာ အနည်းဆုံး အသက်ရှင်ဖို့ အခွင့်အရေးရှိတဲ့အတွက် ပိုစိတ်ချရကြောင်း၊ မြန်မာပြည်ကိုပြန်ပို့ရင် အသက်ရှင်ရေးအတွက် ရာခိုင်နှုန်းအလွန်နည်းကြောင်း ပြောကြားခဲ့ပါတယ်။
သူကဆက်ပြီး ရိုဟင်ဂျာကလွဲပြီး တခြားတိုင်းရင်းသားအဖွဲ့တွေအနေနဲ့ သူတို့မပြန်ချင်ရင်လည်း နှစ်နိုင်ငံသံရုံးအဖွဲ့ နဲ့ အာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်မှုရှိတဲ့အတွက် ပြန်ပို့ဖို့ အခြေအနေကောင်းသေးကြောင်း၊ ဒါပေမယ့်လည်း မြန်မာအစိုးရက မိမိတို့ကို ပြန်လည်ခေါ်ယူခြင်းမရှိကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Ref: Straits Times



