
စစ်ကောင်စီကင်းစင်ပြီးဖြစ်တဲ့ ချင်းပြည်နယ် ၊ မတူပီမြို့နယ် လုံလှောင်ကျေးရွာကို စစ်ကောင်စီက မနေ့ ဇွန်လ ၁၉ ရက်နေ့ည ၉ ရီကျော်လောက်မှာ လေကြောင်းကနေ အကြောင်းမဲ့ ဗုံး ၂ ကြိမ်ကြဲတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်မှုတော့ မရှိဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မတူပီမြို့နယ် ဒေသခံတစ်ဦးက “ဗုံး ၂ ကြိမ်လာကြဲတယ် မနေ့ည ၉ နာရီကျော်လောက်မှာဖြစ်တာ ပထမ ၆ လုံးကြဲတယ် ဒုတိယ ၄ လုံး ကြဲတယ် လူနေအိမ် ထိခိုက်တာမျိုး အရပ်သားထိခိုက်တာမျိုးတော့ မရှိဘူးလို့ မြေပြင်သတင်းအရ သိရတယ်” လို့ပြောပါတယ်။
ချင်းပြည်နယ်မှာ စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ မင်းတပ်၊ မတူပီ ၊ ကန်ပက်လက်မြို့နယ်တွေကို စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏ လုပ်လေ့ရှိပါတယ်။
မတူပီမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို CDF – Matupi ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာ အပြီး သိမ်းပိုက်ခဲ့ပြီးနောက် မတူပီမြို့နယ်မှာ စစ်ကောင်စီ လုံးဝကင်းစင်သွားတာဖြစ်ပါတယ်။