
ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း ကျောင်းသုံးပုံနှိပ်စာအုပ်နဲ့ ကျောင်းသုံးပစ္စည်းလိုအပ်ပါက Future Hope Foundation ကို ဆက်သွယ်ပြီး အကူအညီတောင်းနိုင်တယ်လို့ Future Hope Foundation အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကလည်း မတူပီမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၈ ရွာက ကျောင်းသူ၊ ကျောင်းသား အယောက် ၂၀၀ အတွက် စနစ်သစ်ကျောင်းသုံးပုံနှိပ်စာအုပ်တွေနဲ့ ကျောင်းသုံးပစ္စည်းတချို့ကို Future Hope Foundation အဖွဲ့က ထောက်ပံ့ခဲ့ပါတယ်။
Future Hope Foundation က “ဆရာ၊ ဆရာမတွေနဲ့ ကျောင်သား၊ ကျောင်းသူတွေအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်လိုအပ်ချက်က ကြီးကြီးမားမားကြုံနေကြရတဲ့အတွက် Future Hope Foundation က တက်နိုင်သလောက် ကူညီပေးတာပါ အခုနောက်ပိုင်း စစ်ရှောင်တွေ နေရပ်ပြန်တာလည်း များလာတော့ ကျောင်းသူ၊ ကျောင်းသား ဦးရေလည်း ယခင်နှစ်တွေထက် ပိုများလာတဲ့အတွက် နောက်ထပ် ထပ်မံပေးအပ်နိုင်ဖို့ကိုလည်း စီစဉ်နေပါတယ် ကျောင်းသုံးပုံနှိပ်စာအုပ်တွေ ကျောင်းသုံးပစ္စည်းတွေလိုအပ်ရင်လည်း ကျနော်တို့အဖွဲ့ကို ဆက်သွယ်နိုင်ပါတယ်” လို့ပြောပါတယ်။
Future Hope Foundation အဖွဲ့အစည်းဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းကနေ အခုလို ပညာရေးကဏ္ဍာအတွက် ကူညီထောက်ပံံ့တာတွေကို လုပ်ဆောင်နေခဲ့တာလို့လည်း သိရပါတယ်။
စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ မတူပီမြို့နယ်မှာ နေရပ်စွန့်ခွာစစ်ဘေးရှောင်သူအချို့လည်း နေရပ်ပြန်လာနေကြပြီဖြစ်သလို လက်ရှိ မတူပီမြို့နယ်အတွင်း ကျောင်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူ လူဦးရေဟာလည်း ၂ ထောင်ကျော်ရှိမယ်လို့လည်း သိရပါတယ်။