
ဇွန်လ ၂၀ ရက်။
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ချူရာချန်ပူရ် မှာ ဇွန်လ ၁၉ ရက် ကြာသပတေးနေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း ကူကီး-ဇိုလူမျိုးအမျိုးသမီးတစ်ဦး အသက်သေဆုံးခဲ့တယ်လို့ Mizoram News ကဒီကနေ့ ဇွန်လ ၂၀ ရက်မှာ ဖော်ပြပါတယ်။
အပြန်အလှန်ပစ်ခတ်မှုတွေကြားသေဆုံးသွားသူဟာ Langchingmanbi ရွာသူကြီးရဲ့ ဇနီးဖြစ်သူ Hoikholhing ဖြစ်ပြီး ကျည်ဆံဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူမရဲ့ ရုပ်အလောင်းကို ချူရာချန်ပူရ်ခရိုင်ဆေးရုံကို ပို့ဆောင်ပြီး ရင်ခွဲစစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။
ခရိုင်တာဝန်ရှိသူတွေက တရားခံကို ဖမ်းဆီးရနိုင်ရေး ကြိုးပမ်းနေဆဲဖြစ်ပြီး ပြည်သူလူထုအနေနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့နဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဝေခြင်းမပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကူကီးအမျိုးသမီးအဖွဲ့အစည်း (KWOHR) က “ ယခုဖြစ်စဉ်ဟာ လူမျိုးရေးခွဲခြားမှုနဲ့ ကူကီးလူမျိုးအပေါ် တမင်ပစ်မှတ်ထားအကြမ်းဖက်မှုရဲ့ အသိပေးချက်အဖြစ်သတ်မှတ်ပြီး အဆိုပါအမျိုးသမီးကို Meitei စစ်သွေးကြွတွေက ပစ်သတ်တာ” လို့ထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။
ဒေသခံတိုင်းရင်းသားခေါင်းဆောင်များဖိုရမ် (ITLF) က ယခုကဲ့သို့ အမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရမှုကို ရှုံ့ချတဲ့ အနေနဲ့ ချူရာချန်ပူရ်မှာ အကန့်အသတ်မရှိ နယ်မြေပိတ်ဆို့မှုနဲ့ ဝမ်းနည်းခြင်း သင်္ကေတအဖြစ် ဆန္ဒပြခြင်းများကို ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ Bishnupur ခရိုင်၊ ချိုင့်ဝှမ်းဒေသက လယ်ကွင်းတွေမှာ Meitei လူမျိုး လယ်သမားတစ်ဦး အလုပ်လုပ်နေစဉ် ပတ်ဝန်းကျင်တောင်ကုန်းတွေကနေ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေနတ်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှာဖွေရေးလုပ်ငန်း ဆောင်ရွက်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် မေလကတည်းက ချိုင့်ဝှမ်းဒေသမှာ နေထိုင်တဲ့ Meitei လူမျိုးတွေနဲ့ ပတ်ဝန်းကျင်တောင်ကုန်းတွေမှာ အများစုနေထိုင်တဲ့ ကူကီးလူမျိုးတွေအကြား လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီနောက် လူ ၂၅၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။