
ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း ရှားပါး အပင်မျိုးစိတ်တွေ၊ သားရဲတိရစ္ဆာန်နဲ့ ရေမြေသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း တို့ကို စနစ်တကျ အချိန်ယူ အရှိန်မြင့် လုပ်ဆောင်သွားဖို့ စီစဉ်ကာ သစ်ပင်စိုက်ပျိုးခဲ့ကြတယ်လို့ ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိန်းအမှတ်အနေနဲ့လည်း မင်းတပ်မြို့ဝင်မုခ်ဦးအနီးမှာ သစ်ပင်တွေ စိုက်ပျိုးခဲ့ကြတယ်လို့ ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။
မင်းတပ်မြို့နယ်အတွင်းရှိ ရေမြေသဘာဝတောတောင်တွေကို ထိန်းသိမ်းခြင်းအားဖြင့် ရေဝေရေလဲ တောတောင်သဘာဝနှင့်တကွ ရှားပါး တိရစ္ဆာန်မျိုးစိတ်တွေ အပင်မျိုးစိတ်တွေကို ထိန်းသိမ်းခြင်းအားဖြင့် ရှေးဘိုးဘေးတွေထံက လက်ခံရရှိတဲ့ တောတောင်သဘာဝအလှတွေကို နောက်မျိုးဆက်တွင် ပိုမိုတိုးတက် သာယာဝပြောစေရန် လုပ်ကြရမယ်လို့လည်း ဆိုပါတယ်။
ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ရှားပါး အပင်မျိုးစိတ်တွေ၊ သားရဲတိရစ္ဆာန်နဲ့ ရေမြေသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း တို့ကို စနစ်တကျ အချိန်ယူ အရှိန်မြင့် လုပ်ဆောင်သွားဖို့ စီစဉ်ထားရှိပြီး ယင်းကတဆင့် သဘာဝခရီးသွားလုပ်ငန်းတွေ တိုးတက်လာပြီး ဒေသခံတွေရဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေ အခွင့်အလမ်းတွေ ပေါ်ပေါက်တိုးတက်လာစေရန် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။