
စစ်ကောင်စီကင်းစင်ပြီးဖြစ်တဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ဇန်နဝါရီလကနေ ဇွန်လ ၁၁ ရက်နေ့အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၈ ကြိမ်အထိ တိုက်ခိုက်ခဲ့လို့ သေဆုံးမှု ၁၀ ဦးထိရှိခဲ့ပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးနှင့် အစိုးရဌာန အဆောက်အဦးအပါအဝင် ပုဂ္ဂလိက အဆောက်အဦးတွေ စုစုပေါင်း ၁၀၀ ကျော်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကင်းစင်သွားပြီဖြစ်ပေမယ့် မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေကို တောက်လျောက် လုပ်နေတာတွေကြောင့် ဒေသခံအများစုလည်း နေရပ်ပြန်မလာနိုင်ကြသေးပါဘူး။
မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ CDF – Mindat ပါဝင်တဲ့ ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက မင်းတပ်မြို့ကို စစ်ကောင်စီလက်ထဲကနေ အပြီးသိမ်းပိုက်ခဲ့ပြီး လက်ရှိမင်းတပ်မြို့နယ် အုပ်ချုပ်ရေးကိုလည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

