
စစ်ကောင်စီကင်းစင်ပြီဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ ကျင့်သုံးမယ့် သစ်တောမူဝါဒ (မူကြမ်း)ကို ရေးဆွဲနေပြီး မူဝါဒ အချောသတ် အတည်ပြုနိုင်ရေးအတွက် မင်းတပ်မြို့နယ်မှ ပြည်သူများအနေဖြင့် အကြံပြုချက်များ ပေးပို့နိုင်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့(မင်းတပ်-ပအဖ) က ဇွန်လ ၂၆ ရက်က ထုတ်ပြန်ပါတယ်။
ဇွန်လ ၁၃ ရက်က မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအစည်းအဝေးမှာ မင်းတပ်- ပအဖ၊ သစ်တောဌာန ကိုယ်စား တက်ရောက်လာသော တွဲဖက်တာဝန်ခံက သစ်တောဌာနအနေဖြင့် ဌာန၏ လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေမှုကို ဆွေးနွေးတင်ပြပြီး သစ်တောဌာန၏ သစ်တောမူဝါဒ (မူကြမ်း)ကို ချပြကြောင်း၊သစ်တောမူဝါဒ (မူကြမ်း)ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်ဖွဲ့/ ဌာန ဆိုင်ရာအကြီးအကဲများနှင့် မြို့/တိုက်နယ် အုပ်ချုပ်ရေးမှူးများက ယင်းအစည်းအဝေးမှာ ဝိုင်းဝန်း ဆွေးနွေး၊ ဖြည့်စွက်အတည်ပြုထားကြောင်း မင်းတပ်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်ဍ အစည်းအဝေးက အတည်ပြုလိုက်သော သစ်တောမူဝါဒ (မူကြမ်း)ကို သစ်တောဌာနအနေဖြင့် မြို့/ တိုက်နယ်အဆင့်အထိ အဆင့်ဆင့် နယ်ဆင်းဟောပြော၊ ချပြဆွေးနွေးပြီး ပြည်သူလူထု၏ အကြံပြုချက်များ ရယူမှတ်သားပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအစည်းအဝေးတွင် အတည်ပြုမည်ဖြစ်ကာ၊မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သစ်တောမူဝါဒ (မူကြမ်း)ကို ဖတ်ရှုပြီး မင်းတပ်- ပအဖရုံးသို့ဖြစ်စေ၊ မင်းတပ်-ပအဖ၏ ဆိုရှယ်မီဒီယာစာမျက်နှာသို့ ဖြစ်စေ ဆွေးနွေးအကြံပြုချက်များ ပေးပို့နိုင်သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေညာထားပါတယ်။
မင်းတပ်မြို့နယ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှာ CDF-Mindat ပါဝင်တဲ့ချင်းညီနောင်အဖွဲ့နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီလက်မှသိမ်းပိုက်နိုင်ခဲ့ပါတယ်။