Headlines

ပြည်သူတွေခရီးသွားလာရေးအတွက် ပြိုကျနေတဲ့ မြေစာတွေကို စစ်တိုက်ရင်း ဖယ်ရှားပေးခဲ့တယ်လို့ PDA အဖွဲ့ထုတ်ပြန်

ဇွန်လ ၂၉ ရက်။

ပြည်သူတွေ ဆက်သွယ်ခရီးသွားလာရေးအတွက် ပြိုကျနေတဲ့ မြေစာတွေကို စစ်တိုက်ရင်း ဖယ်ရှားပေးခဲ့တယ်လို့ ကလေး-သိုင်းငင်း လမ်းပေါ်မှာ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာမှာပါဝင်တဲ့ တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ People Defence Army – PDA က ဇွန်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

PDA က “ ပြည်သူတွေ ဆက်သွယ်ရေး၊ ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေးကောင်းမွန်စေရန် ပြိုကျနေတဲ့ မြေစာများကို စစ်တိုက်ရင်း ဖယ်ရှားခြင်း”လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ပြီးခဲ့တဲ့ မေလ ၁၈ ရက်ကစလို့ ချင်းပြည်နယ်မြောက်ပိုင်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့အကြား တီးတိန်မြို့နယ် မွှာပီးလ်ကျေးရွာမှာ နှစ်ဘက် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတယ်လို့လည်း သိရပါတယ်။

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ချင်းလဲန်းကောင်စီအဖွဲ့(CC)တပ်ပေါင်းစု နဲ့ ချင်းညီနောင်(CB) တပ်ဖွဲ့တွေပါဝင်တဲ့ မဟာမိတ်တပ်တွေက ကလေးမြို့ကနေ တက်လာတဲ့ စစ်ကောင်စီတပ် အင်အား၅၀၀ ဝန်းကျင်ကို မေလ ၂၁ ရက်နေ့ကစလို့ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ရာကနေ လက်ရှိမှာ ပြန်လည်ထိုးစစ်ဆင်နိုင်တဲ့ အခြေအနေရောက်ရှိနေပြီလို့လည်း စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

လက်ရှိ စစ်ကောင်စီနဲ့ ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က စပြီး နှစ်ဘက်တိုက်ပွဲတွေ တောက်လျှောက်ပြန်ဖြစ်နေပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုလည်းရှိကာ စစ်ကောင်စီဘက်က လက်နက်ခဲယမ်းတချို့ကိုလည်း ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က သိမ်းပိုက်ရရှိတာတွေရှိပြီး တရားဝင် ထုတ်ပြန်တာတွေတော့ မရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *