ပလက်ဝမြို့နယ် ၊ဆမီးမြို့မှာ ဒေသခံ ကလေးမိခင်တစ်ဦးကို အမည်မသိလူတစ်စုက မုဒိန်းကျင့် သတ်ဖြတ်ခဲ့တယ်လို့သိရ

ဇွန်လ ၁၄ ရက်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဆမီးမြို့ အမှတ် ၃ ရပ်ကွက်၊ ပီဝရွာတွင်နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် ကလေးမိခင်တစ်ဦးကို မေလ ၂၃ ရက်နေ့က အမည်မသိလူတစ်စုက မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ဆမီးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

မုဒိန်းကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ ပီဝရွာကဒေသခံ ကလေး ၂ ဦးမိခင် ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းမပေါက်ကြားဖို့ အာရက္ခတပ်တော် (AA) က တားမြစ်တာတွေ လုပ်ခဲ့တယ်လို့လည်း ဆမီးဒေသခံတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်နဲ့ပက်သက်လို့ ဆမီးဒေသခံတစ်ဦးပြောတာက “သူမပျောက်ဆုံးပြီး ၃ ရက်အကြာမှာ ခြေလက်တွေ ကြိုးတုတ်ထားပြီး သေနေတဲ့ အလောင်းကို ပီဝနဲ့ ကျီးဝကြားမှာ ပြန်တွေ့ကြတယ် သူမဟာ အဒေါ်အိမ်ကို အလည်သွားပြီး ပြန်လာတဲ့လမ်းမှာ အခုလိုဖြစ်တာဖြစ်တယ် အလောင်းကိုတွေ့ပြီး ရွာကိုသယ်လာကြတယ် AA တွေရောက်လာပြီး အလောင်းကို စစ်ဆေးတယ် ပြီးတော့ ဘာမှတော့မပြောဘူး ပုံမရိုက်ဖို့နဲ့ ဒီသတင်းမပေါက်ကြားဖို့ကို ပြောတယ် တားမြစ်တာပေါ့ ဖြစ်တာက မေလ ထဲမှာဖြစ်တယ် အဲဒီတုန်းက မပြောရဲကြဘူး တော်တော်ရက်စက်တဲ့လူတွေ AA နဲ့ ဆက်နွယ်ပတ်သက်မှုရှိနေတယ်လို့ သိရတယ် အဲဒါကြောင့် ဒီကောင်တွေ သတင်းဖုံးဖိထားတာဖြစ်တယ်” လို့ပြောပါတယ်။

အုပ်စုဖွဲ့မုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရတဲ့ ပီဝရွာဒေသခံချင်းအမျိုးသမီးမှာ အသက် ၅နှစ်အရွယ်နဲ့ ၃ နှစ်အရွယ်ကလေး ၂ ဦးမိခင်ဖြစ်တယ်လို့လည်း ဆမီးဒေသခံတွေကပြောပါတယ်။

ဆမီးမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ဒေသခံအမျိုးသမီးတစ်ဦးကို အမည်မသိလူတစ်စုက အုပ်စုဖွဲ့ မုဒိန်းကျင့်ပြီး သတိလစ်တဲ့အထိ ရိုက်နှက်ခဲ့လို့ လက်ရှိချိန်ထိ ဆေးကုသမှုခံယူနေရတယ်လို့လည်း သိရပါတယ်။

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ဟာ အာရက္ခတပ်တော် (AA) ထိန်းချုပ်၊ အုပ်ချုပ်တဲ့ဒေသလည်းဖြစ်ပြီး အခုလို ဒေသခံ ချင်းအမျိုးသမီးတွေ မုဒိန်းပြုကျင့် အကြမ်းဖက် သတ်ဖြတ်ခံရတာတွေနဲ့ ပတ်သက်လို့ AA ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုးတော့ ဒီကနေ့ အချိန်ထိ မရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *