
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဒိုင်ရ်ဒေသ အမှတ်(၂) ၊ မှုံးတနူးကျေးရွာမှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ငှက်ဖျားရောဂါကြောင့် မေလ ၃၀ ရက်နေ့မှာ ထပ်မံ သေဆုံးခဲ့ရတယ်လို့ ပလက်ဝဒေသတွင်း သတင်းတွေဖော်ပြချက်အရ သိရပါတယ်။
ပလက်ဝဒေသခံတစ်ဦးက “ကျနော်တို့ မြို့နယ်အတွင်း ငှက်ဖျားကြောင့် အရင်ကလည်းသေဆုံးတာတွေ များခဲ့တယ် ဆေးလက်လှမ်းမမှီနိုင်တဲ့အတွက်ပေါ့နော် နောက်ပြီးတော့ အဖြစ်များဆုံးကလည်း ငှက်ဖျားဖြစ်တော့ တချို့တချို့ရွာတွေဆိုရင် ဖုန်းလိုင်းမရတဲ့အခါကြတော့ ချိတ်ဆက်မှုအဆင်မပြေဘူး မပြေတော့ နောက်ပိုင်းကြမှ သိရတဲ့ဟာတွေ ရှိတဲ့အခါကြတော့ ငှက်ဖျားကြောင့်သေဆုံးသူက တော်တော်များတယ်လို့ အဲလိုခန့်မှန်းထားလို့လဲရတယ်” လို့ပြောပါတယ်။
ပလက်ဝမြို့နယ် ၊ ဒိုင်ရ်ဒေသ အမှတ်(၂) ၊ မှုံးတနူးကျေးရွာမှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ ဒေသတွင်း ဆေးဝါးပြတ်လပ်တာနဲ့ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် ဆေးဝါးကုသမှု အချိန်မှီ မရရှိနိုင်ခဲ့တာကြောင့် သေဆုံးသွားရတာလို့လည်း သိရပါတယ်။
ပလက်ဝမြို့နယ် တပ်ချောင်းအုပ်၊ လန်ဒန်အုပ်စုနဲ့ ဒိုင်ရ်ဒေသ အမှတ် (၂) ရှိကျေးရွာပေါင်း ၂၅ ရွာလောက်မှာ မတ်လ လောက်ကစပြီး ငှက်ဖျားရောဂါအဖြစ်များနေပြီး ဒေသခံတွေအနေနဲ့ ဆေးဝါးလက်လှမ်းမမှီနိုင်ကြတာ ၊ ဆေးဝါးမရှိတာ၊ ကုသပေးမဲ့သူ မရှိတာတွေအပြင် ငွေကြေးအခက်ခဲတွေကြောင့် ငှက်ဖျားဖြစ်ပြီး သေဆုံးလူနာတွေ ထပ်တိုးရှိလာနေတာလို့လည်း သိရပါတယ်။
ပြီးခဲ့ ဧပြီလ ၃၀ ရက်နေ့ကလည်း ပလက်ဝမြို့နယ် ၊ သဲကုန်းကျေးရွာက မူလတန်းပြ ကျောင်းဆရာတစ်ဦးဟာလည်း ငှက်ဖျားရောဂါဖြစ်ပြီး ဆေးကုသဖို့အခက်အခဲကြောင့် ကွယ်လွန်ခဲ့ရပါတယ်။