
ရေဘေးကြောင့် နေအိမ် ၁၀၀ ကျော်ရေနစ်မြုပ်ကာဒုက္ခရောက်နေတဲ့ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒင်းကျေးရွာနဲ့ ကာကီကျေးရွာက ပလက်ဝစစ်ဘေးရှောင်တွေအတွက် အခြေခံစားနပ်ရိက္ခာ နဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးတွေ လိုအပ်နေပြီး အခုထိ ကူညီကယ်ဆယ်မယ့် အဖွဲ့အစည်းတွေလည်း ရောက်မလာနိုင်ကြသေးဘူးလို့ သိရပါတယ်။
ပလက်ဝလူသားချင်းစာနာကူညီရေးဌာနက တာဝန်ရှိသူတစ်ဦးက “တွီဒင်းနဲ့ ကာကီ ကစခန်း ၂ ခုပေါင်းလိုက်ရင် လူဦးရေ ၆၆၉ ဦးက ရေဘေးသင့်ပြည်သူတွေပေါ့ အရေးပေါ်လိုအပ်ချက်မှာ အခြေခံစားနပ်ရိက္ခာတွေလိုအပ်ကြတယ် နောက်ပြီး အခြေခံကျန်းမာရေးစောင့်ရှောက်မှု အကူအညီ ဆေးဝါးတွေလည်း လိုအပ်တယ်လို့ပြောတယ် ဘာကြောင့်လဲဆိုရင် သူတို့လည်း မိုးရေထဲမှာ ရွှေ့ပြောင်းပြီး နေနေကြရတာဆိုတော့ လက်တလောမှာ ဖျားနာသူတွေလည်းရှိနေကြတယ် လက်ရှိအခြေအနေအရ သူတို့ကို ကူညီကယ်ဆယ်မယ့် အဖွဲ့အစည်းတွေမရောက်ပေးနိုင်သေးဘူးပေါ့ အဲလိုမျိုးအနေအထားတော့ စစ်ရှောင်စခန်းတွေဆီကနေ ကျနော်တို့တဆင့်ပြန်ကြားရတယ်” လို့ပြောပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝဒေသကနေ၊ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်က တွီဒင်းကျေးရွာနဲ့ ကာကီကျေးရွာတွေမှာ စစ်ဘေးရှောင်နေတဲ့ ပလက်ဝစစ်ဘေးရှောင်တွေနေထိုင်တဲ့ နေရာတွေမှာ မေလ ၃၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ခဲ့ပြီး စစ်ရှောင်တွေရဲ့နေအိမ်တွေ ရေမြှုပ်၊ မျှောပါ ပျက်စီးတာတွေနဲ့ ကြုံခဲ့ကြရတယ်လို့ သိရပါတယ်။
“အိမ်တွေပြန်လည်တည်ဆောက်နိုင်ဖို့အတွက် အမိုးအကာတွေပေါ့နော် ပစ္စည်းတွေအကူအညီလိုအပ်ကြတယ် သူတို့မှာလည်း ဝင်ငွေလည်းမရှိတဲ့ခါကြတော့ အိမ်တစ်အိမ် ပြန်တည်ဆောက်နိုင်ဖို့အတွက် သူတို့တွက် စိန်ခေါ်မှုဖြစ်တယ် နောက်ပြီး မနေ့ကတော့ ရေကျသွားပြီဆိုပေမယ့် ဒီမနက်ကြတော့ မိုးပြန်ရွာပြီး ရေက ပြန်တိုးလာနေတယ်လို့ပြောတယ် ဆိုတော့ ခန့်မှန်းရခက်တယ် ဘယ်လောက်ထိမိုးပြန်ရွာပြီး ရေကြီးလို့ ဘယ်လောက်ထပ်မြှုပ်ခံရအုန်းမလဲဆိုတာလည်း ခန့်မှန်းရခက်နေတယ် ” လို့ လည်း ပလက်ဝလူသားချင်းစာနာကူညီရေးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
တွီဒင်း စစ်ရှောင်စခန်းကနေ အိမ်ခြေ ၁၈ လုံး လုံးဝပျက်စီးခဲ့ပြီး အိမ်ခြေ ၄၅ လုံးက အနည်းငယ် ထိခိုက်ခဲ့ပြီး အိမ်သာ – ၇၅ လုံး (လုံးဝ) ပျက်စီးခဲ့သလို ကာကီစစ်ရှောင်စခန်းက အိမ်ခြေ ၆၉ လုံး (လုံးဝ) ပျက်စီးခဲ့ပြီး အိမ်သာ – ၃၅ လုံးလည်း လုံးဝပျက်စီးခဲ့ရပြီး လက်ရှိ ရေဘေးသင့် စစ်ရှောင်ပြည်သူတွေဟာ ကျောင်းဆောင်၊ ခန်းမဆောင်၊ လူနေအိမ်တွေယာယီနေကြရတယ်လို့လည်း သိရပါတယ်။