
ဇွန်လ ၂၅ ရက်ကနေ ၂၇ရက်နေ့ အထိ နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ဖိုရမ် (Peace Forum 2025) မှာပါဝင်တက်ရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ် ၄ ဦးထဲမှာ အိန္ဒိယဖွားချင်း(ဇို)မျိုးနွယ်စုဝင် ပညာရှင် တစ်ဦးဖြစ်တဲ့ Professor Dr Kham Khan Suan Hausing လည်း ပါဝင် တက်ရောက်ခဲ့တယ် လို့ သိရပါတယ်။
Professor Kham Khan Suan Hausing ဟာ အိန္ဒိယ နိုင်ငံ ဟိုက်ဒရာဘတ် တက္ကသိုလ် (UoH) ရှိ နိုင်ငံရေးသိပ္ပံဌာန နှင့် လူမှုရေး သိပ္ပံကျောင်း တို့တွင် စာသင်ကြား ပို့ချပေးနေတဲ့ ပါမောက္ခ တစ်ဦး ဖြစ်ကာ နေပြည်တော် ငြိမ်းချမ်းရေး ဖိုရမ် ပထမပိုင်းမှာ ဆွေးနွေးခဲ့သူ panelist တစ်ဦး အဖြစ်ပါဝင်ခဲ့ ပြီး (“Ethnocentric Conflicts, Asymmetric Federalism and De-Escalation of Identity Politics,” ) “လူမျိုးစုဗဟိုပြု ပဋိပက္ခများ၊ အချိုးမညီသော ဖက်ဒရယ်စနစ်နှင့် လူမျိုးစွဲ နိုင်ငံရေး လျော့ချရေး” ခေါင်းစဉ်ဖြင့် သူပါဝင်ဆွေးနွေးခဲ့ပါတယ်။
ဖိတ်ကြားခံခဲ့ရတဲ့ တခြား အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့ ဝင်တွေဟာ အငြိမ်းစား သံအမတ် Jaideep Mazumdar, Atul Aneja (အကြီးတန်း သတင်းထောက်) နှင့် Asian Confluence ရဲ့ အမှုဆောင် ဒါရိုက်တာ Mr Sabyasachi Dutta တို့ ဖြစ်ကြပါတယ်။
နေပြည်တော်မှာ ၃ ရက်ကြာကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ဖိုရမ် (Peace Furum 2025) ကို အာဏာသိမ်းစစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ တက်ရောက်အဖွင့်မိန့်ခွန်း ပြောကြား ခဲ့ပြီး စစ်ကောင်စီကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ Policy Think Tank အဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur နှင့် တရုတ်၊ အီတလီ၊ ရုရှားနှင့် ထိုင်းနိုင်ငံတို့မှ သံအမတ်များ၊ပညာရှင်များ နှင့် ကျွမ်းကျင်သူများလည်း ဖိုရမ်ကို တက်ရောက်ခဲ့တယ် လို့ ဟိုက်ဒရာဘတ် တက္ကသိုလ် လူမှုစာမျက်နှာ မှာ ဖော်ပြခဲ့ ပါတယ်။
ဇွန်လ ၂၅ ရက်နေ့ကနေ ၂၇ ရက် အထိ နေပြည်တော်မှာကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ဖိုရမ် ဟာ ၂၀၂၅ ခုနှစ် အတွင်း အာဏာသိမ်း စစ်ကောင်စီမှ ဒုတိယ ကြိမ်မြောက် ကျင်းပတဲ့ ငြိမ်းချမ်းရေး ဖိုရမ် ဖြစ်ပြီး ပထမ အကြိမ်ကို မတ်လ မှာ ကျင်းပခဲ့ပါတယ်။