Headlines

နယူးဒေလီမြို့ရှိ ရိုဟင်ဂျာခရစ်ယာန် ဒုက္ခသည်တွေကို India for Myanmar က ငွေရေးကြေးရေး ကူညီထောက်ပံ့

ဇွန်လ ၂၄ ရက်။

အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့ရှိ ဖိနှိပ်ဖမ်းဆီးခံနေရတဲ့ ရိုဟင်ဂျာ ခရစ်ယာန်ဒုက္ခသည်တွေနဲ့အတူ တစ်သားတည်းရပ်တည်လျက် စာနာမှုပြသတဲ့ အနေနဲ့ အိန္ဒိယရှုပီးငွေ ၅၄၀၀၀ ကို ရိုဟင်ဂျာအသိုင်းအဝိုင်းခေါင်းဆောင်တွေဆီကနေ တဆင့် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ အိန္ဒိယ-မြန်မာ အရေး လေ့လာ စောင့်ကြည့်နေတဲ့ India for Myanmar အဖွဲ့က ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က “ရိုဟင်ဂျာခရစ်ယာန်ဒုက္ခသည် အဖွဲ့အစည်းက ကူညီမဲ့သူမရှိတဲ့အခြေအနေဖြစ်တာမို့ ကျနော်တို့ သူတို့ကို အကူအညီပေးတာပါ ကျန်တဲ့ ရိုဟင်ဂျာ အဖွဲ့အစည်းက ကျနော်တို့ကို အဆက်အသွယ်မလုပ်တာကြောင့်လည်းပါပါတယ် ကျနော်တို့ကို ခရစ်ယာန် ရိုဟင်ဂျာ အဖွဲ့အစည်းက ဒီလိုအခက်အခဲရှိတယ်ဆိုပြီးမှ အကူအညီတောင်းလာတဲ့ခါကြတော့ ငွေကြေးရေးအကူအညီအပါအဝင် တခြားလိုအပ်တဲ့အကူအညီဟာမျိုးတွေကို ကျနော်တို့ တက်နိုင်သလောက်ကူညီပေးတာပါ ကြာပါပြီ သူတို့ကို ကူညီပေးတာ အခုမှ ငွေရေးကြေးရေး အကူအညီတော့ အခုမှ ကျနော်တို့ပေးနိုင်တာပါ ခရစ်ယာန်မို့လို့ ဘာလို့ဆိုတာမျိုးနဲ့ ကူညီတာမျိုးတော့မဟုတ်ပါဘူး ကျနော်တို့ဆီ တရားဝင် အကူအညီတောင်းတဲ့သူမှန်သမျှကို တက်နိုင်သမျှ ကူညီပေးနေပါတယ်” လို့ပြောပါတယ်။

နယူးဒေလီမြို့မှာ ခိုလှုံနေထိုင်နေကြတဲ့ ရိုဟင်ဂျာ ခရစ်ယာန် ဒုက္ခသည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR India) ရုံးကနေ အိန္ဒိယအစိုးရထံ ပေးအပ်ခဲ့ခြင်းတွေကြောင့် ကြီးမားတဲ့ ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရသလို ၂၀၂၅ ခုနှစ် ၊ မေလ ၆ ရက်နေ့ကစလို့ အိန္ဒိယနိုင်ငံရဲ့ FRRO တာဝန်ရှိသူတွေနဲ့ နယူးဒေလီရဲတပ်ဖွဲ့တွေက ၎င်းတို့နေအိမ်တွေကို အဓမ္မဝင်ရောက်ဖမ်းဆီးတာတွေပြုလုပ်လျက်ရှိနေတာတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်အများအပြားဟာ မိမိနေအိမ်သို့ မပြန်နိုင်ဘဲ ဘေးလွတ်ရာကို ပုန်းအောင်းနေထိုင်နေကြရတယ်လို့လည်း India for Myanmar ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

နောက်ပြီး ရိုဟင်ဂျာခရစ်ယာန် (၁၅) ဦးအပါအဝင် ဒုက္ခသည် ၄၀ ဦးကို မြန်မာနိုင်ငံသို့ အဓမ္မပြန်ပို့ခဲ့ပြီး ဒီကနေ့တိုင် မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြတ်တောက်ကာ အသတ်အန္တရာယ် စိုးရိမ်နေရကြောင်း သိရပြီး ဒီလို လူသားမဆန်တဲ့ ဖိနှိပ်မှုတွေကြားကနေ ဒုက္ခသည်တွေနဲ့ တစ်သားတည်းရပ်တည်လျက် India for Myanmar အဖွဲ့အနေနဲ့ စာနာမှုပြသသည့်အနေဖြင့် ဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာခရစ်ယာန် မိသားစု ၃၄ စုအတွက် အိန္ဒိယရူပီးငွေ ၅၄၀၀၀ ကို ရိုဟင်ဂျာ အသိုင်းအဝိုင်းခေါင်းဆောင်တွေကနေ တဆင့် ကူညီထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိ ရိုဟင်ဂျာဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့အခြေအနေမျိုး အိန္ဒိယရှိ မြန်မာနိုင်ငံသားတွေ အားလုံးပေါ်လည်း အချိန်မရွေး ကျရောက်လာနိုင်တဲ့ အန္တရာယ် ဖြစ်တာကို အလေးနက် သတိပြုကြဖို့ကိုလည်း India for Myanmar က သတိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *