
ဇွန်လ ၂၆ ရက်။
တောတောင်ထဲက လက်နက်ကိုင်တဲ့ ညီအစ်ကိုတွေကို တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အစကနေ ပြန်စသင့်တယ်လို့ နေပြည်တော် မင်္ဂလာသီရိဟိုတယ်မှာ စစ်ကောင်စီက ဦးဆောင်ကျင်းပနေတဲ့ ငြိမ်းချမ်းရေးဖိုရမ် (Peace Forum 2025) မှာ တစ်သီးပုဂ္ဂလ/ လေ့လာသူအဖြစ် တက်ရောက်နေတဲ့ ဖျက်သိမ်းခံရပြီးဖြစ်တဲ့ ချင်းအမျိုးသားဒီမိုက ေရစီအဖွဲ့ချုပ်(CNLD)ပါတီဥက္ကဌ ဟောင်း ဦးဇိုဇမ်က သူ့ရဲ့ငြိမ်းချမ်းရေးသဘောထားကို Voice of Myanmar(VOM)နဲ့ အင်တာဗျူးမှာ ဖြေကြားထားပါတယ်။
CNLD ပါတီ ဥက္ကဌ ဟောင်း ဦးဇိုဇမ်က “ကျနော်တို့ လိုချင်နေတာက အပြောင်းအလဲလိုချင်တယ် ဒီလိုဖြစ်နေတဲ့ ပိတ်လှောင်နေတဲ့ အနေအထား ကျနော်တို့မြန်မာပြည်သားတိုင်းမှာ ဒီဟာခံစားနေရတယ် ဒီ ၄ နှစ်တာ ကာလလောက်မှာ အချင်းချင်းနားမလည်ကြဘူးလေ ဆိုတော့ ဒီငြိမ်ချမ်းရေးလုပ်ငန်းစဉ်ကိုလည်း ကျနော်ထင်တယ် အစကနေ ပြန်စရမယ် တောထဲတောင်ထဲထိ သူတို့ဆီကို တွေ့ရမယ် ကိုယ်စားလှယ်တွေလွှတ်ရမယ်လို့ အဲလိုဘဲမြင်တယ်” လို့ပြောပါတယ်။
လက်နက်ကိုင် ချင်းလူငယ်တွေ လမ်းမှန်ပေါ်ရောက်ဖို့ စိတ်ရှည်ရှည်ထားပြီး သူတို့ အတွေးခေါ်အယူဆတွေကို ညှတာထောက်ထားကာ နည်းစနစ်မှန်ကန်စွာလုပ်ဆောင်လျှင် လမ်းမှန်ပေါ်ရောက်လိမ့်မယ်လို့လည်း ဦးဇိုဇမ်က ပြောပါတယ်။
“ကျနော်တို့ ချင်းလေးတွေဆိုရင် ငယ်ငယ်ကတည်းက သေနတ်ဘဲကြိုက်ကြတယ် ယောကျာ်းတစ်ယောက်အနေနဲ့ သေနတ်တစ်လက်မရှိလို့ရှိရင် ယောကျာ်းမပီသဘူးဆိုပြီးမှတော့ ကျနော်တို့ဘိုးဘွားစဉ်ဆက်ကနေ ရိုက်သွင်းထားတာ ဆိုတော့ ဘာမှစိုးရိမ်စရာမရှိပါဘူး သူတို့က တကယ်တမ်းတော့ သူတို့ အတွေးခေါ်အယူအဆတွေ ညှာတာထောက်ထားရမယ် လမ်းမှန်ပေါ်ရောက်ဖို့က ရောက်ပါလာလိမ့်မယ် ဒါပေမယ့် ခတ်တာက နိုင်ငံခြားရောက်နေတဲ့ နိုင်ငံခြားသား ကျနော့်မိတ်ဆွေတွေက ကျနော်လိုခံယူချက်မရှိဘူး ဆိုတော့ ကျနော်လို ပွင့်ပွင့်လင်းလင်းခံယူချက်ရှိတဲ့သူတွေနဲ့ဆိုရင်တော့ဖြစ်ပါတယ် ဒီလူငယ်တွေက ကျနော့်ကိုချစ်ပါတယ် ကျနော်တူသားတွေပါ ကျနော်ထင်တယ် တွန်းပုံတွန်းနည်းလိုတာ ဒီတိုင်းတွန်းလို့တော့မရဘူး နည်းစနစ်မှန်ကန်ဖို့လိုတယ်” လို့ ဦးဇိုဇမ်ကပြောပါတယ်။
CNLD ပါတီဥက္ကဌဟောင်းဦးဇိုဇမ်ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ တီးတိန်မြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကာ ၊ ၂၀၁၅ တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)စာချုပ်ချုပ်ဆိုစဉ်မှာလည်း အသိသက်သေအဖြစ်ပါဝင်ခဲ့သူဖြစ်ပါတယ် ။
“ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲ ငြိမ်းချမ်းရေးဖိုရမ်- Peace Forum 2025 ကို နေပြည်တော်မှာ ဇွန်လ ၂၅ ရက်ကနေ ဇွန်လ ၂၇ ရက်အထိ ၃ ရက်တာကျင်းပမှာဖြစ်ပြီး လက်နက်ကိုင်အဖွဲအစည်းများ၊ နိုင်ငံ ရေးပါတီများ၊နယ်ပယ်ကဏ္ဍအသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ ပြည်တွင်း ပြည်ပမှ အသိပညာရှင်နှင့် အတတ်ပညာရှင်များ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲအစည်းများနှင့် ပြည်တွင်းအဖွဲ့အစည်းများ၊ တရုတ်၊ အိန္ဒိယ၊ ရုရှား နိုင်ငံခြားသံတမန်များ အစရှိသည့် အလွှာအသီးသီးမှ တာဝန်ရှိသူများ ပါဝင် တက် ရောက်ဆွေးနွေးကြကြောင်း သိရပါတယ်။